ဝတ္ထုတိုပေါင်းချုပ်

မြသန်းတင့်

2100 Kyats ကျပ်
ဆရာမြသန်းတင့်ဟာ စာပေလောကရဲ့ စွယ်စုံစာပေပညာရှင်ကြီးလို့ ပြောနိုင်ပါတယ်။ ဆရာက လူ့လောကအတွက် စာရင်းချရေးလို့ မဆုံးနိုင်အောင် စာပေများစွာကို ပြုစုပေးသွားခဲ့တာပါ။ လွတ်လပ်တဲ့နေ့ရက်တွေကို စာရေးခြင်းနဲ့သာ ကုန်ဆုံးလေ့ရှိတယ်လို့ ဆရာကို စာပေလောကမှာ ပြောစမှတ်ရှိကြပါတယ်။ လွတ်လပ်တဲ့ နေ့ရက်တွေလို့ ပြောရခြင်းက ဆရာဟာ အာဏာရှင်တွေရဲ့ အကျဉ်းထောင်နဲ့ ကျွန်းထီးခေါင်ခေါင် ကိုကိုးကျွန်းလိုနေရာမျိုးမှာ နှစ်ရှည်လများ ပိတ်လှောင် ခံခဲ့ရတာကြောင့်ပါ။ ဒါတောင်မှ သံချောင်းလို ဇာတ်ကောင်ကို မွေးထုတ်၊ ဓားတောင်လို ဝတ္ထုကြီးအတွက် အတွေးရှာခဲ့ပါ သေးတယ်။ အားလုံးက လေးစားတန်ဖိုးထားပြီး ဆရာမြ လို့ခေါ်တဲ့ ဆရာမြသန်းတင့်ရဲ့ ဘဝသရုပ်ဖော်၊ လူ့စရိုက်ဖော်၊ အတွေး အခေါ်အခြေပြု၊ နိုင်ငံရေးနောက်ခံ စသည်ဖြင့် ရသမြောက်ဝတ္ထုတိုတွေကို ဒီစာအုပ်မှာ စုစည်းဖော်ပြထားတာပါ။ ဆရာရဲ့ ဝတ္ထုတစ်ပုဒ်ချင်းစီတိုင်းကို ဘယ်လိုကောင်းကြောင်း၊ ဘယ်လိုရသမြောက်ကြောင်း ညွှန်းဆိုနေတာထက် ဆရာရဲ့ မောင် ဇာတ်လမ်းထဲက “မှီ” ရဲ့ အချစ်ကို ကိုယ်တိုင်ခံစားကြည့်ကြဖို့၊ “မျက်ရည်နှစ်စက်” ထဲက ငြိမ်းချမ်းရေးအတွက် တိုက်ရသော တိုက်ပွဲရဲ့ အနိဋ္ဌာရုံကို ကိုယ်တိုင်ထိတွေ့ကြည့်ဖို့၊ “ထန်းယဉ်နင်းချိန်” ထဲက ကျေးလက်ရဲ့ အလှတရားကို ကိုယ်တိုင် မြင် တွေ့ကြည့်ကြဖို့သာ စာဖတ်သူများကို တိုက်တွန်းလိုက်ပါ့ရစေ။