ဖေဖော်ဝါရီ တစ်ငုံ

ဟိန်းဆက်သွင်

200 Kyats ကျပ်
⏩ စာမြည်း ⏩ "လူနှစ်ယောက်ဟာ ချစ်သူဖြစ်နေချိန် ဘယ်လိုပဲ ပတ်သက်ခဲ့ ပတ်သက်ခဲ့၊ လမ်းခွဲပြီးတဲ့ အခါကျတော့လည်း လုံးဝကို ပတ်သက်ဆက်ဆံစရာ အကြောင်းမရှိတော့တဲ့ သူစိမ်းသက်သက် ဖြစ်သွားကြတော့တာပဲနော်" အကြောင်းအကျိုးဆက်စပ်မှု တစ်စုံတရာ မရှိပါဘဲ ရုတ်တရက် ပြောလိုက်သည့် သက်ထားဆွေ စကားကြောင့် တွေခနဲ ဖြစ်သွားရ၏။ မျက်မှောင်ကြုတ်လျက် ... "ဘာလို့ အဲဒီစကား ပြောရတာလဲ" ဟု ကျွန်တော် မေး၏။ နှုတ်ခမ်းလေး ပွင့်ဟရုံ သူ ရယ်သည်။ "ဘာရယ်မဟုတ်ပါဘူး ကိုရယ်။ စိတ်ထဲ တွေးမိလို့" ဟု ဖြေသည်။ ဖွေးနုသန့်စင်သော လက်ချောင်းသွယ်လေးတွေကို ဖွဖွဖျစ်ညှစ်ဆုပ်ထွေးလိုက်ရင်း ... "စိမ်းချိန်တန်လို့ စိမ်းသွားကြတဲ့အခါ သူစိမ်းတွေ ဖြစ်သွားကြပြီဆိုတော့ သူ့လမ်းကိုယ့်လမ်း ကိုယ်စီလျှောက်ရင်း မေ့ပျောက်သွားကြမှာပေါ့ သက်ထားရယ်" "ကျန်တဲ့သူနဲ့ ချန်တဲ့သူမှာ ဘယ်သူ ပိုနာကျင်ရမယ်လို့ ကို ထင်သလဲ" "ကျန်သူဖြစ်ဖြစ်၊ ချန်သူဖြစ်ဖြစ်၊ ချစ်တဲ့သူက ပိုနာကျင်မှာပေါ့" "သက်ထားကတော့ ကျန်တဲ့သူ မဖြစ်ချင်ဘူး" ကျွန်တော် သူ့မျက်နှာကို ငဲ့ကြည့်ကာ ... "ကိုက ကျန်သူလည်း မဖြစ်ချင်ဘူး။ ချန်သူလည်း မဖြစ်ချင်ဘူး။ တစ်ဘဝလုံး နောက်ဆုံးတဲ့အထိ သက်ထားနဲ့အတူ အိုမင်းကုန်ဆုံးသွားချင်တယ်" "ဒါပေမဲ့ ကိုရယ်။ မမြင်နိုင်တဲ့ ကံတရားလည်း ရှိသေးတယ်လေ။ ရေစက်ကုန်ရင် ခွဲခွာရတတ်တယ်တဲ့" "ကိုနဲ့ သက်ထားကတော့ ရေစက်ဆုံလို့ ချစ်သူတွေ ဖြစ်လာခဲ့ရပြီးပြီ။ ရေစက်ကုန်လို့ ကွဲကွာရတဲ့ ချစ်သူမျိုး မဖြစ်ပါဘူး။ ဟုတ်တယ်နော် သက်ထား" မျက်လုံးဝိုင်းဝိုင်းလေးအစုံဖြင့် ကျွန်တော့်ကို ပင့်မော့ကြည့်၏။ ကြည်စင်စွာ ပြုံး၏။ ပခုံးစွန်းပေါ် နွဲ့ခိုသည်။ "သက်ထားလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်" ဟု တိုးဖွဖွ ပြောသည် ... ။ ⏪