မေသော်တာနှင့် ဆရာမနိုင် အိမ်ကြီး

သျှား

400 Kyats ကျပ်
“ခေါစာကုန်းကို အရင် ရောက်မှာဗျ ပြီးတော့မှ တစပြင်ကို ဆက်သွားရမှာ ကျွန်တော်တို့ တစပြင်ရွာနဲ့ ခေါစာကုန်းရွာက နီးတော့ နှစ်ရွာတစ်ရွာ နေကြတာဗျို့။ အစကတော့ ဆရာမလေးတို့ကို ခေါစာကုန်းကလည်း လာခေါ်မလို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တစပြင်ရွာမှာ နာရေးပေါ်လို့ဗျို့။ အဲဒါ ခေါစာကုန်းက လူတွေပါ လာကူလုပ်နေကြတော့ နှစ်ရွာပေါင်းပြီး အားနေတဲ့ ကျွန်တော် တစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာ” “ဘယ်လို နာရေးပေါ်လို့ ဟုတ်လား” “ဟုတ်တယ် ဆရာမလေးရေ ဆရာမလေးတို့ မလာခင်မှာပဲ ကျွန်တော်တို့ရွာမှာ မီးမဖွားနိုင်လို့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက် ဆုံးသွားတယ်ဗျို့” “ရှင်” သူမတို့ လေးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ဘယ်နှယ့် ခုမှနေရာ သစ်ကလေး ရောက်မယ်ကြံသေး နာရေးနှင့် တိုးရတယ်လို့။ လမ်းခရီး ကြမ်းချက်နှင့် ဝေးချက်ကတော့ မပြောနှင့်တော့ …. မနက်(၇)နာရီ ကျော်ခန့်က ထွက်လာတာ (၁၂) နာရီခန့်မှ ခေါစာကုန်းနား ရောက်သည်။ နွားတွေလည်း တော်တော် သနားဖို့ ကောင်းသည်။ အမြှုပ်တစီစီနှင့် လျှာထွက်၊ သူမတို့ လေးယောက်မှာလည်း လှည်းပေါ်မှာ ဆီးဖြူသီး ဆန်ကောနှင့် လှိမ့်သလို ခလောက်ဆန် ပါလာရာ စကားတောင် မပြောနိုင်ကြတော့။