ခေါင်ရန်းပန်းတို့ ပွင့်နေပြီ

သိုးဆောင်း

800 Kyats ကျပ်
ဆရာသိုးဆောင်းရဲ့​ စာအုပ်တွေထဲမှာ ဒီစာအုပ်က ပိုလို့တောင် ပေါ့ပေါ့ပါးပါးဖတ်ရမယ့် စာအုပ်မျိုးလုံးဝ မဟုတ်ပါဘူး။ အတွေးအခေါ်အယူအဆတွေက တော်တော်ကိုနက်ရှိုင်းပြီးတော့ လူ့စိတ်ကတော်တော်ကို ကြောက်ဖို့ကောင်းတယ်လို့ မြင်ရစေနိုင်ပါတယ်။ မေနှစ်ကုန်ဆိုတဲ့ မိန်းကလေးက ဈေးကနေစောင်တစ်ထည်ဝယ်လာရာကနေ သူ့မှာညတိုင်း ထူးဆန်းတဲ့ အိပ်မက်တွေမက်ရာကနေ နှစ်ကုန်ရဲ့ စိတ်တွင်းက ပြဿနာ ဇစ်မြစ်ပေါ်လာတယ်လို့ဆိုရပါမယ်။ မေနှစ်ကုန်ရဲ့ အမျိုးသားက အောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာ နှောင်းနေ၊ ဇာတ်လမ်းက သူတို့မောင်နှံရဲ့ သံသယတွေဆီက ရှုပ်ထွေးမှုတွေဖြစ်လာတာပါ။ နှောင်းနေက မေနှစ်ကုန်တို့အထည်ဆိုင်ကလေးမှာ ပိတ်စဝယ်ချိန် သူတို့နှစ်ဦးစတင်တွေ့ဆုံခဲ့တယ်။ နောက်ခြောက်လကြာတော့ ချစ်သူတွေဖြစ်ပြီး လက်ထပ်ခဲ့ကြတယ်။ အဆင်ပြေပြေရှိကြပြီဆို အနှောင့်အယှက်တွေဝင်တက်တယ်ဆိုတာသဘာဝပါပဲ။ သူတို့နှစ်ဦးနေထိုင်တဲ့ တိုက်ခန်းအပေါ်ထပ် ငါးလွှာကို စိမ်းလဲ့ ဆိုတဲ့ အမျိုးသမီးနဲ့ သူ့သမီးလေးတို့ ပြောင်းလာပါတယ်။ အဲဒီကနေစတင်ပြီး သူတို့ကြားမှာ သံသယလေးတွေ စိတ်ခုစရာလေးတွေ တစ်စတစ်စတိုးလာတော့တယ်။ ဒီစာအုပ်ကနေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေအများကြီးကို သိရမယ့်အပြင် အိမ်ထောင်ဖက်တွေပဲဖြစ်ဖြစ် ချစ်သူရည်းစားတွေပဲ ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပွင့်ပွင့်လင်းလင်းရှိသင့်တယ်ဆိုတဲ့ အချက်ကိုလဲ မြင်တွေ့ရမှာပါ။