နွံထဲကကြာ

သိန်းဖေမြင့်၊ မြသန်းတင့်

1100 Kyats ကျပ်
ဝတ္ထုတစ်ပုဒ်တည်းကို စာရေးဆရာနှစ်ဦး၊ ကလောင်နှစ်လက် ပေါင်းစပ်ရေးသားတယ် ဆိုတာမျိုးက ရှိတောင့်ရှိခဲ၊ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ရေးတဲ့ ကလောင်နှစ်လက်ကိုလည်း ကြည့်ဦး။ မြန်မာစာပေရဲ့ ထိပ်သီးတွေထဲက ထိပ်တန်းစာရေးဆရာကြီးနှစ်ဦး။ ဒီလို မြန်မာစာပေရဲ့ လေးစားအားကျ အတုယူရသူ ဆရာကြီးနှစ်ဦးရဲ့ ပူးပေါင်းဖန်တီးမှု လက်ရာမွန်က ဘယ်လောက်အထိ ပြောင်မြောက်ထူးခြားလေမလဲဆိုတာ ဗေဒင်မေးနေစရာမလိုပါဘူးနော်။ ဒီစာအုပ်လေးကို အလွယ်တကူ ဖတ်ကြည့်လိုက်ရုံပဲ။ အမှန်တော့ ဒီဇာတ်လမ်းရဲ့ မူရင်းကျောရိုးက ကမ္ဘာ့စာပေရဲ့ စူပါကြီး တော်လ်စ်တွိုင်းရဲ့ 'Resurrection' (ရှင်ပြန်ထမြောက်ခြင်း) ဆိုတဲ့ ဝတ္ထုဗျ။ ဒီဝတ္ထုကျောရိုးကို အခြေတည်ပြီး ရုပ်ရှင်ရိုက်ဖို့အတွက် ဆရာသိန်းဖေမြင့်က မြန်မာမှုပြု ဇာတ်ညွှန်းရေးခဲ့တယ်။ ဒါပေမဲ့ ဇာတ်ညွှန်းက ခန့်လွန်း၊ တည်လွန်း၊ ခက်ခဲလွန်းလို့ ရုပ်ရှင်ရိုက်ဖို့ အခက်တွေ့ခဲ့ကြတာနဲ့ မရိုက်ရဲကြဘူးလို့ ရုပ်ရှင်သမားတွေ ငြင်းကြတယ်။ ဒါနဲ့ပဲ ‘နွံထဲက … ကြာ’ ဆိုတဲ့ ဒီဝတ္ထုကြီး ပေါ်ထွက်ဖို့ အကြောင်းဖန်ခဲ့တာပါပဲ။ ဆရာသိန်းဖေမြင့်ရဲ့ ရုပ်ရှင်မရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ညွှန်းကို ဆရာမြသန်းတင့်က မြန်မာမှု ပြုပြီး ပြန်ရေးသား ဖန်တီးလိုက်တဲ့အခါ … ခင်မောင်ဝင်း၊ ရွှေတင်ခေါ် အရွှေ၊ သခင်တောက်ထွန်း … စတဲ့ စတဲ့ ဇာတ်ကောင်တွေနဲ့ ကိုလိုနီခေတ် မြန်မာပြည် အခင်းအကျင်း၊ တရားစီရင်ရေး အခြေအနေ၊ လူတန်းစား ပဋိပက္ခ၊ အလွှာမတူ အသည်းနှလုံး၊ နိုင်ငံရေး သရုပ်သကန်တွေကို အနုပညာ၊ အတတ်ပညာနဲ့ ပေါင်းစပ်လို့ ရေးသားခြယ်မှုန်းပြခဲ့ရာမှာ ဖတ်ဖူးသူတိုင်း တသသ စွဲကျန်ရစ်ခဲ့စေတဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်အဖြစ် ရှင်သန်ခဲ့ပါတော့တယ်။ ဇာတ်လမ်းကို အများကြီး ကြိုမပြောချင်ပေမဲ့ အရိပ်အမြွက်လောက်တော့ ညွှန်းပါရစေနော်။ နောင်အခါ တရားသူကြီးတစ်ဦး ဖြစ်လာမယ့် ဘိလပ်ပြန် ခင်မောင်ဝင်း။ သူ လူငယ်ဘဝက ခြေတော်တင်လိုက်တဲ့ ရွှေတင်ဆိုသူ မိန်းကလေးကို တရားခွင်မှာ ပြည့်တန်ဆာ မိန်းကလေးတစ်ဦးအဖြစ် လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကို သိလိုက်ရချိန်၊ ဒီတရားစီရင်ရေးကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ ရွှေတင်ဟာ သူ မကျူးလွန်ခဲ့တဲ့ လူသတ်မှုမှာ လူသတ်တရားခံအဖြစ် စွဲချက်တင်ခံနေရသူ။ တရားခွင်မှာ တရားခံမဟုတ်တဲ့ ရွှေတင်ကို စီရင်မယ့် တရားသူကြီးက ရွှေတင့်ဘဝကို ဖျက်ဆီးခဲ့သူ တရားခံအစစ်။ ဒီလို လူ့လောကရဲ့ အချိန်အဆ မညီမျှမှုတွေ၊ တရားဥပဒေရဲ့ ကမောက်ကမ ဖြစ်စဉ်တွေ၊ ဖိနှိပ်ခံ လူတန်းစားနဲ့ ငွေရှင်ကြေးရှင် အာဏာရှင်တွေရဲ့ကြားက ကပြောင်းကပြန် ဖြစ်ရပ်တွေကို လူ့စရိုက် လူ့သဘာဝနဲ့ ချိန်ထိုးရေးသားထားတာမို့ ဒီလိုစာပေမျိုးကို ဖတ်ကြည့်ပါ၊ ခံစားကြည့်ပါ၊ တွေးဆကြည့်ပါလို့ပဲ လက်တို့လိုက်ပါရစေနော်။