ညီမေလးကအခ်စ္ကို ကိုးကြယ္သတဲ့လား

မိုးမိုး (အင်းလျား)

1500 Kyats ကျပ်
ဒီဝတ္ထုက ဆယ်ကျော်သက်အရွယ်၊ စိတ်လှုပ်ရှားလွယ်ပြီး စူးစမ်းတတ်တဲ့အရွယ် ညီလေး၊ ညီမလေးတွေ သေချာပေါက် ဖတ်သင့်တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ လောကကြီးအကြောင်းကို သေချာမသိသေးတဲ့ အရွယ်မှာ အချစ်ဆိုတဲ့ အရာကြီးကို စူးစမ်းရင်း အဲဒီအချစ်ကို မျက်စိစုံမှိုတ်ပြီး ကိုးကွယ်မိတဲ့အခါ ဘယ်လိုဒုက္ခတွေရောက်ရမလဲ? အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်လို့ရသလား? ဆယ်ကျော်သက်အရွယ် စိတ်ကူးယဉ်ဆန်မှုတွေက တကယ်ရောလက်တွေ့ဆန်ရဲ့လား? အချစ်ဟာ ဘဝကြီးတစ်ခုလား? ဆိုတာကို ဒီဝတ္ထုထဲမှာ ရင်မောစွာနဲ့ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ သိပ်ကို စိတ်ကူးယဉ်တတ်တဲ့ စု၊ မိဘတွေရဲ့ ဆုံးမမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိ နေလာရတာကြောင့် အချစ်ကို မထိတွေ့ဖူးတဲ့စု၊ သနားတတ်တဲ့ စု။ ဒီလို မိန်းကလေးဟာ မနူးမနပ် ဆယ်ကျော်သက် အရွယ်မှာ အချစ်ကိုစတင်ထိတွေ့ရပြီးတဲ့နောက် စာမေးပွဲဖြေချိန်မှာ စာကိုအာရုံမစိုက်နိုင်ဘဲ ကိုကိုဦးဆီ စိတ်ရောက်ခဲ့တယ်။ ကိုကိုဦးနဲ့ကိစ္စ ဖခင်သိတော့ ကွဲကွာသွားခဲ့ရတယ်။ ကိုကိုဦးနဲ့ ကွဲကွာပြီးနောက်တော့ လမ်းသရဲလို့ အများက ခေါ်ကြတဲ့ နေမင်းနဲ့ အကြောင်းဖန်လာခဲ့တယ်။ ပင်ကိုယ်စိတ်ခံက သိပ်သနားတတ်တော့ စု ဟာ နေမင်းကို သနားရာကနေ ချစ်မိသွားခဲ့တယ်။ ဆိုးသွမ်းနေတဲ့ နေမင်းကို ချစ်တဲ့စိတ်နဲ့ ပြုပြင်မယ်လို့ သူ(မ)ဟာ ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ် အားအင်နဲ့ ဘဝကို အကောင်းဆုံး စတင်ရမယ့်အစား အချစ်ကို မျက်စိစုံမှတ်ကိုးကွယ်ပြီး နုံချာတဲ့ နေမင်းရဲ့ ဘဝထဲကို ခုန်ဝင်ခဲ့တယ်။ စု ရဲ့ ဆုံးဖြတ်ချက်ဟာ သိပ်ကို မှားယွင်းခဲ့တယ်။ ဆိုးသွမ်းနေတဲ့ နေမင်းဟာ ပြောင်းလဲ မလာခဲ့ဘူး။ ဒီလိုကနေ အစပြုလို့ စု ဟာ စိတ်ဆင်းရဲစရာပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ရတော့တာပါပဲ။ ဒီဝတ္ထုကိုဖတ်နေရင်း "စု"ကို သနားကရုဏာသက်မိပေမဲ့ စိတ်လည်းဆိုးမိတယ်။ စုရဲ့ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေဟာ ဒီနေ့ခေတ် လက်တွေ့ဘဝမှာလည်း တချို့ အမျိုးသမီးငယ်တွေ ကြုံတွေ့နေရတာကြောင့် ရင်လည်းမောမိပါတယ်။ အညွန့်တလူလူနဲ့ အခွင့်အလမ်းပေါင်းစုံရှိနေတဲ့ အရွယ်မှာ ဘာမှန်းသေချာမသိတဲ့ အချစ်ဆိုတဲ့အရာကို ဦးစားပေးမိတာကြောင့် ဘဝတွေဟာ နှမြောဖို့ ကောင်းစွာ အညွန့်ကျိုးသွားခဲ့ရတယ်။ ရင်ဆိုင်ဖို့ မသင့်တော်သေးတဲ့ အရွယ်မှာ လောကဓံဆိုတာကြီးကို စိတ်ဆင်းရဲဖွယ် ရင်ဆိုင်ကြရတယ်။ ဒါကြောင့် ညီလေး၊ ညီမလေးတို့ အချစ်ကို မကိုးကွယ်ခင်၊ မရူးသွပ်ခင် ဒီဝတ္ထုကို အရင်ဆုံးဖတ်ကြည့်ပါ၊ ချင့်ချိန်စဉ်းစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။