အိမ်ဝေးတို့ရဲ့ ဖြေဆေး

မင်းဟိဏ်းကြယ်

300 Kyats ကျပ်
လူတချို့က ချမ်းသာကြပေမဲ့ လူတချို့က ဆင်းရဲကြတယ်။ လူတချို့က အရာရာ ပြည့်စုံချောမွေ့ကြပေမဲ့ လူတချို့ကတော့ အရာရာ ဆုံးရှုံးနိမ့်ကျကြတယ်။ လူတချို့က ကံကောင်းကြပေမဲ့ လူတချို့ကတော့ ကံဆိုးကြတယ်။ ဒါဟာ ဘာကြောင့်လဲ။ ဗုဒ္ဓဘာသာ အယူအဆအရ ဒါကို အတိတ်ကံကြောင့်လို့ ယူဆသတ်မှတ်ထားပါတယ်။ အမှန်ပါပဲ။ ‘လှည်းဘီးဟာ နွားခြေရာနောက် တောက်လျှောက်လိုက်သလို မိမိပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေကလည်း မိမိနောက်ကို ထပ်ကြပ်မကွာ လိုက်ပါလေ့ရှိပါတယ်’ လို့ ဗုဒ္ဓဟောခဲ့တဲ့ အတိုင်းပါပဲ။ ဒီဇာတ်လမ်းမှာလည်း တချို့ ကလေးသူငယ်တွေက ပြည့်စုံတဲ့ မိဘ၊ အစစ အဆင်ပြေပြေနဲ့ ပညာသင်၊ အရာရာ လိုချင်တာမှန်သမျှ ရနေတဲ့ ဘဝတွေရှိသလို၊ တချို့ ကလေးသူငယ်တွေကျတော့ လူဖြစ်လာတာကိုက အမှားလို့ ဆိုရလောက်အောင်ပဲ အူဝဲလို့ အော်ပြီး မွေးလာကတည်းက ဒုက္ခဆင်းရဲမျိုးစုံနဲ့ ရင်ဆိုင်လာခဲ့ရတဲ့ ဘဝဘဝတွေထဲက လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်လမ်းကို ဖတ်ရှုကြရမှာပါ။ အဆင်မပြေ၊ ဆင်းရဲချို့တဲ့တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးငယ်တစ်ဦး။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့ ပွဲစား အချိတ်အဆက်နဲ့ နယ်ရွာလေးတစ်ရွာကနေ မြို့တက်လာတဲ့ ကလေးငယ်တစ်ဦးရဲ့ အဖြစ်အပျက်တွေ၊ မိဘနဲ့ ဝေး၊ အိမ်နဲ့ဝေး၊ မေတ္တာတရားနဲ့ ဝေးတဲ့ နေရာတစ်နေရာမှာ ဒုက္ခဆင်းရဲတွေကို ရင်ဆိုင်နေရတဲ့ လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်၊ ခံစားချက်တွေက စာချစ်သူတွေရဲ့ နှလုံးသားကို နစ်ဆို့နာကျင်မှုတွေ ပြည့်နေစေမှာပါ။