ကျားနာမျက်ကန်း

ဖိုးကျော့

800 Kyats ကျပ်
စာရေးဆရာနှစ်ယောက်ရဲ့ ဝတ္ထုရှည်နှစ်ပုဒ်ကို ပူးတွဲထုတ်ဝေထားတဲ့ ဘဝရသ စွန့်စားခန်း ဇာတ်လမ်းနှစ်ပုဒ်။ ဆရာဖိုးကျော့ကတော့ သူ့ရဲ့ဟန်အတိုင်း တောတွင်းစွန့်စားခန်း ဇာတ်လမ်းမျိုးကိုမှ ထူးထူးခြားခြား ဇာတ်အိမ်နဲ့ ဖန်တီးထားပြန်ပါတယ်။ ကျားနာမျက်ကန်းတဲ့။ ကျားဆိုတဲ့ ဟင်းမျိုးကြီး သတ္တဝါကို မုဆိုးဟာ ဒဏ်ရာရအောင်လုပ်မိပြီးရင် ဘယ်တော့မှ အလွတ်မပေးရဘူး။ ဒဏ်ရာရသွားတဲ့ ကျားနာဟာ ပုံမှန်ကျားတွေထက် အဆများစွာ အန္တရာယ်ကြီးတယ်။ မြင်မြင်သမျှကို ရန်သူလို သဘောထားတတ်တယ်။ ဒါကြောင့်လည်း ကျားနာခဲ ခဲတယ်ဆိုတဲ့ စကားရှိတာပေါ့။ ကျားဟာ အနာဒဏ်ရာရပြီးရင် ပိုပြီး မိုက်တွင်းနက်သွားရော၊ မိုက်ရူးရဲဖြစ်သွားရော။ ဒီဝတ္ထုမှာတော့ အပတောထဲမှာ သစ်စေးထုတ် လုပ်ကိုင်စားနေတဲ့ ဦးထွန်းလှဟာ ကျားဆိုးကြီးနဲ့ မထင်မှတ်ဘဲ ထိပ်တိုက်တိုးမိရာက၊ ကိုယ့်အသက် ကိုယ်ကာကွယ်တဲ့အနေနဲ့ သစ်စေးရည်နဲ့ ကျားမျက်စိကိုပက်ပြီး ဓားမတိုနဲ့ ခုတ်မိခုတ်ရာ ခုတ်လိုက်တဲ့အခါ ဒဏ်ရာရသွားတဲ့ ကျားနာမျက်ကန်းက လူတွေကို တဖန်ပြန်ပြီး ကလဲ့စားချေ ဒုက္ခပေးပုံတွေ၊ ဒီကျားနာမျက်ကန်းကို နှိမ်နှင်းဖို့ ကြိုးစားပုံတွေကို အသည်းတအေးအေးနဲ့ ဖတ်ကြရမှာပါ။ ဆရာသန်းဆွေသစ်ရဲ့ ဝတ္ထုကတော့ မုဆိုးဇာတ်လမ်းပါပဲ။ ဒီလောကမှာ တောမုဆိုးနဲ့ ရေမုဆိုး နှစ်မျိုးနှစ်စားရှိတဲ့အထဲက ဆရာသန်းဆွေသစ်ကတော့ ရေမုဆိုးအကြောင်း ရေးထားပါတယ်။ အဏ္ဏဝါမုဆိုး (ခေါ်) ရေမုဆိုး။ ရေနေသတ္တဝါတို့ရဲ့ မုဆိုးဖြစ်တဲ့ အဏ္ဏဝါမိချောင်း။ ယိုးချောင်းဝ၊ ကစ္ဆပနဒီမြစ်ထဲမှာ ကျက်စားရင်း လူသားတွေကို သတ်ဖြတ်စားသောက် ဒုက္ခပေးနေတဲ့ မိချောင်းဆိုးကြီးအကြောင်းကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ဖော်ပြထားပါတယ်။