ပန်ချင်ပြီလား ပွင့်တော့မည်

နတ်ရွာမိုး

800 Kyats ကျပ်
ပရိသတ်ကို ကျွန်တော် မေးကြည့်ချင်တယ်။ ဟောဒီမှာ … ဟောဒီမှာ … လို့ မျက်နှာလေး မော့ပြီး မပြပါနဲ့၊ အဲဒီ မေးစေ့လေး မဟုတ်ပါဘူး … မေးခွန်းလေးပါ။ အဟမ်း … ဆောရီး … စကားကြီး စကားကျယ် ပြောခါနီး … လည်ချောင်းရှင်းတာ ချောင်းဟန့်တာ စတိုင်လ်များလားလို့ လုပ်ကြည့်တာပါ။ ပြောရရင် … လူတွေပါဗျာ … လူတွေမှာ ကိုယ်နှစ်သက်ရာ စိတ်ဆန္ဒလေးတွေကို သေသည်အထိ ဆုပ်ကိုင်ထားတတ် ကြတာလေးကို တွေးမိလို့ပါ။ ဥပမာ … ကျွန်တော့်အဒေါ်ပေါ့၊ လက်ဖက်ရည်တို့ ကော်ဖီတို့ဆို ချိုမှ၊ နို့ဆီနဲ့ သကြားကို ဒီအတိုင်း မြိုချသလို ချိုမှ သောက်တာ၊ နည်းနည်းလေး ခါးတာနဲ့ … ဟာ … နင့်ဟာကြီးက ခါးလိုက်တာ … ဆိုပြီး တွန့်ရွံပြတာမျိုးပေါ့။ အဲ … အဲဒီအဒေါ်က တမာချဉ်တို့၊ ကြက်ဟင်းခါးသီးတို့ ခွေးတောက်ရွက်ဆို အသားကုန် ဝါးပြီပဲ၊ တစ်ခါများ ဦးလေးက မိန်းမရေ … ငါ့ကို ဂန့်ဂလာ ဟင်းချိုလေး ပေးစမ်းပါဆိုလို့ အဒေါ်ချက်တာ၊ မချက်တက်ဘဲ ချက်တော့ … ခါးကုန်ရော၊ ဂန့်ဂလာ ဟင်းချိုချက်ရင် … ထမင်းစားတော့မယ်ဆိုမှ ဟင်းရည် ဆူဆူကို မီးဖိုပေါ်ကချ၊ အောက်ရောက်မှ ရေစင်စင်ဆေးထားတဲ့ ဂန့်ဂလာရွက်ကို ဟင်းရည်အိုးထဲ ထည့်ခတ်ပြီး သောက်ရတာ။ အဒေါ်က ချဉ်ပေါင်ဟင်းချို ချက်သလို အရွက်တွေ နူးအိကျသွားအောင် တစ်ခါတည်း ထည့်ချက်တော့ ခါးတာမှ လန်ထွက်ကုန်ရော၊ အမယ်ဗျာ … အဲဒီ ခါးခါးကြီးကို ဦးလေး မသောက်နိုင်လို့ အဒေါ်သောက်ပစ်တာ ကုန်ပါရောလား။ ပြောချင်တာက လက်ဖက်ရည် ကော်ဖီ ခါးတာလည်း အခါးပဲ၊ တမာခါးတာလည်း အခါးပဲဗျာ၊ ဟိုအခါး မကြိုက်ဘူး … ဒီအခါးမှ ဆိုတော့ နည်းနည်းများ ခွတီးခွကျ နိုင်မလားလို့ စဉ်းစားပြီး … အဲဒါ ဘယ်လို သဘောလဲဗျာလို့ ပရိသတ်ကို မေးကြည့်ချင်တာပါ။ နောက်တစ်ခုက ကျွန်တော့်အဖိုးပါ၊ သူက တပ်မတော် ပင်စင်စား၊ ကြံ့ခိုင်ရေး အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတဲ့ အချိန်မှာ အငြိမ်းစား ဝန်ထမ်းတွေ ခံစားခွင့်ကို တိုးမြှင့်ပေးပြီလည်းဆိုရော အိပ်ရာထဲ ပက်လက်ကလေး ငြိမ်နေတဲ့ အဖိုးရယ် ဝုန်းခနဲ ထထိုင်ပြီး ငါ့ပင်စင် ကိစ္စ လုပ်ရမယ်၊ အခုသွားမယ် … အခုလုပ်မယ်ချည်း ပြောနေလို့ ကျွန်တော်တို့ မောင်နှမနဲ့ အစ်မပါ အတော် ဒုက္ခရောက်ပြီး အလုပ်တွေ ရှုပ်ကုန်တယ်လေ။ ပြဿနာက … ဒီလို၊ အဖိုးရတဲ့ ပင်စင်က တစ်လမှာ သုံးရာ့ခြောက်ဆယ့်ရှစ်ကျပ် ရှစ်ဆယ့်ခြောက်ပြားပဲ ရတာ …၊ ပင်စင်လစာ တစ်နှစ်လုံးစုထုတ်မှ လေးထောင့်နှစ်ရာနဲ့ သုံးဆယ့်နှစ်ပြားပဲ ရတယ်၊ ခါတိုင်းတော့ တစ်နှစ်မှ တစ်ခါ သွားထုတ်တာ၊ ကျွန်တော့် သဘောကတော့ အသက် ရှစ်ဆယ်နီးပါး ဖြစ်နေပြီ ဖြစ်တဲ့ အဖိုးကို အဲဒီ ပင်စင်လစာ ငွေလေးကို သွားမထုတ်စေချင်တော့ဘူး။ ဒီအတိုင်း မထားချင်လည်း ဘိုးဘွားရိပ်သာ ဖြစ်ဖြစ် … ဇီဝိတ ဒါန သံဃာ့ ဆေးရုံကိုပဲ ဖြစ်ဖြစ် နှစ်စဉ် လှူတာမျိုး လွှဲလိုက်စေချင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ သူက သူ့ကိုယ်စား သူများလုပ်တာ မကြိုက်ဘူး၊ သူကိုယ်တိုင် လုပ်ရမှ၊ ဒီအသက်အရွယ်ကြီး ဘတ်စ်ကား တိုးစီးဖို့ကလည်း မဖြစ်တော့ တစ်နှစ်တစ်ခါ အဖိုးပင်စင် ထုတ်ဖို့ ကိစ္စ ကျွန်တော်တို့ အလုပ်ရှုပ်ကြရတယ်၊ အငှားကားနဲ့ အိမ်က အားတဲ့ လူတစ်ယောက် အဖော်လုပ်ပြီး သွားကြရတယ်။ ပင်စင်ကလည်း အခုသွားပြီး အခုထုတ်လို့ မရဘူး …၊ ရှေ့လမှာ ပင်စင်ထုတ်မယ် ဆိုရင် ဒီလကတည်းက ပင်စင် စာအုပ် သွားထပ်၊ ပုံစံဖြည့်ပြီး တင်ထားခဲ့ရတယ်၊ လဆန်းတော့မှ တစ်ခေါက်သွား ထုတ်ရတာလေ …။ အဲဒီတော့ အငှားကားခက ပင်စင်ထပ်တုန်းက အသွား အပြန် လေးထောင် … ပင်စင် ထုတ်တော့ အသွားအပြန် လေးထောင်၊ စုစုပေါင်း ရှစ်ထောင် ကုန်တယ်၊ အဖိုးရတာက လေးထောင့် နှစ်ရာနဲ့ ပြားစွန်း၊ တွက်ကြည့်ရင် တစ်နှစ်တစ်ခါ အိမ်ကနေ သုံးထောင့် ရှစ်ရာလောက် စိုက်ကုန်ပြီး အဖိုးလည်း ပင်ပန်းတဲ့ ကိစ္စ ဘာလုပ်မလဲ။ အဲဒါကြောင့် အဖိုးပင်စင် အတွက် ကျွန်တော် တစ်နှစ်ကို ငါးထောင်ပေးမယ် အဖိုး အိမ်မှာပဲ ငြိမ်ငြိမ်လေး နေပေးပါလား ဆိုတာ မရဘူးဗျာ … ။ ဟိုဟာမှ ငါ့ပိုက်ဆံ …၊ ဒီငါးထောင်က မင်းပိုက်ဆံမို့လို့ သဘောမတူဘူးတဲ့၊ ဆိုတော့ကာ … ကျွန်တော်တို့ သားအမိတတွေ အောင့်အင်း သည်းခံပြီး အဖိုးသဘော အတိုင်း တစ်နှစ် တစ်ခါပေါ့ … ။