Educated ပညာကို ဘယ္လိုရွာ

ကိုနေ ( Y.I.E)

1000 Kyats ကျပ်
ကောင်းမွန်မှန်ကန်တဲ့ ပညာရေးက မိန်းကလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်သလဲ။ ပညာရေး ဆိုတာ မိမိကိုယ်ကို တည်ဆောက်ယူခြင်းပဲ ဖြစ်တယ်ဆိုတာ အသိသာ အထင်ရှားဆုံး ပြသသွားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ အမေရိကန်လို နိုင်ငံကြီးမှာတောင် ပညာသင်ကြားခြင်းကို အလုပ်ပိုတစ်ခုလို့ သတ်မှတ်ထားတဲ့ ဘာသာရေး အစွန်းရောက်တဲ့ မိသားစုထဲ မွေးဖွားလာတဲ့ တာရာ ဝက်စအိုဗာ ဟာ အသက် ၁၆နှစ်အထိ ပညာသင်ကြားခွင့် မရခဲ့ဘူး။ အစိုးရနဲ့ ဆေးရုံဆေးခန်းကို ယုံကြည်မှုမရှိ၊ ဘာသာရေးကို အလွန်အမင်း ယုံကြည်ကိုးကွယ်တဲ့ အဖေဖြစ်သူကြောင့် မိသားတစ်စုလုံး မျက်စိပိတ် နားပိတ်နဲ့ ဘဝကို ဖြတ်သန်းနေကြရတယ်။ တာရာဟာ အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟို ပြည်နယ်က မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပြီး တောင်တန်းဒေသမှာနေတဲ့ သူမရဲ့ မိသားစုက အစိုးရနဲ့ မပတ်သက်တဲ့၊ အယူသီးတဲ့ ဘာသာရေး အဖွဲ့ဝင်ဖြစ်သူ အဖေရဲ့ အုပ်ချုပ်မှုအောက်မှာ ပညာသင်ယူခွင့်နဲ့ ဆေးရုံတက် ဆေးကုသခွင့်မရခဲ့ပါဘူး။ တာရာ ရဲ့ ဘဝမှာ သူမရဲ့အစ်ကို တိုင်လာကြောင့်သာ ပညာသင်ဖို့ မျက်စိပွင့်လာရတယ် ဆိုရမယ်။ ပညာရေးအားမပေးတဲ့ မိသားစုကြားမှာ တိုင်လာ ဟာ ပထမဆုံး ဖောက်ထွက်သူပါပဲ။ အစ်ကိုဖြစ်သူအားပေးမှုနဲ့ တာရာ က ၁၇ နှစ်အရွယ်မှာ အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဘရစ်ဂမ် တက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့တယ်။ သူမက ပညာရေးကို ဘဝအတွက် အရေးကြီးတဲ့အရာတစ်ခုအဖြစ် သဘောပေါက်ခဲ့ပြီး ကြိုးစားသင်ယူခဲ့တယ်။ နောက်တော့ ကမ်းဘရစ် တက္ကသိုလ်မှာ တက်ရောက်ခွင့် ပညာသင်ဆုရခဲ့ပြီး PhDဘွဲ့ ရရှိခဲ့တယ်။ တာရာက သူ့ဘဝကို အပိုင်းသုံးပိုင်း ခွဲပြီး တင်ပြထားတယ်။ ၁။ ပညာမသင်ကြားမီက ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီး ၂။ ပညာသင်ကြားခြင်းနဲ့ အတွေးအခေါ်​ဟောင်းများကို တိုက်ထုတ်ခြင်း ၃။ အဆင့်မြင့် ပညာများ သင်ကြားပြီး ဘဝလမ်းကြောင်းကို ပုံဖော်နိုင်ခြင်း ဆိုပြီး သုံးသပ် တင်ပြထားပါတယ်။ "ပညာကို ဘယ်လိုရှာ " စာအုပ်က တာရာ ဆိုတဲ့ မိန်းကလေးရဲ့ ပညာရှာရေးခရီးကြမ်းအကြောင်း၊ ဖိနှိပ်တဲ့ မိသားစုနဲ့ ဆက်ဆံရေးအကြောင်း၊ ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချခြင်းအကြောင်း၊ အတိတ်ဆိုးတွေကို ကျော်လွှားဖို့ ပညာရေးဟာ မရှိမဖြစ် လိုအပ်တဲ့အကြောင်းတို့ကို ရှင်းပြထားပြီး လူသား အားလုံးအတွက် ပညာသင်ယူနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ပြောပြထားပါတယ်။ တာရာ ရေးတဲ့ စာအုပ် Educated ဟာ ၂၀၁၈ မှာ စတင်ထွက်ရှိပြီးခဲ့ပြီး စာအုပ်ထွက်ချိန်ကနေ ၃၃ လတိတိ အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံး စာအုပ်စာရင်းမှာပါဝင်ခဲ့တဲ့ အရောင်းစံချိန်တင် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဘာသာ​ပေါင်း ၄၀ ကျော် ပြန်ဆိုခဲ့ပြီး ဆုတွေလည်းရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သမ္မတဟောင်း အိုဘားမားနဲ့ ဘီလ်ဂိတ်တို့ကလည်း ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်အဖြစ် ညွှန်းဆိုကြတယ်။ ဒီစာအုပ်ကို ဖတ်ရှုလိုက်ရင် ဘဝမှာ ပညာရေးရဲ့ အရေးပါမှု၊ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ရယူခြင်းနဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ကျော်လွှားဖို့ ပညာရေးဟာလိုအပ်ကြောင်း စတာတွေကို နားလည်လာပါလိမ့်မယ်။ မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ပညာကို ကျားကုတ်ကျားခဲရှာခဲ့တဲ့ တာရာ ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ပညာရှာခရီးကြမ်းဟာ ဘဝမှာ လွယ်လွယ်နဲ့ လက်မလျှာ့သင့်ဘူးဆိုတာကို မီးမောင်းထိုးပြနေပါကြောင်း။ ဒါကြောင့် ဖတ်ရှုလေ့လာနိုင်ဖို့ ညွှန်းဆိုလိုက်ရပါတယ်။