အင်ဒါဆင်၏ ဒဏ္ဍာရီများ
မြသန်းတင့်
1100 Kyats ကျပ်
ကလေးစာပေ၊ ကလေးပုံပြင်တွေ အားနည်းနေတဲ့ မြန်မာစာပေလောကအတွက် ဆရာမြသန်းတင့် ဘာသာပြန်ဆိုခဲ့တဲ့ သိုးဆောင်းပုံပြင်တွေ ဖြစ်ပါတယ်။ ‘သိုးဆောင်းပုံပြင်တွေထဲမှာ Hans Christian Anderson ရဲ့ ပုံပြင်တွေကို ကျွန်တော် အကြိုက်ဆုံးပါ’ လို့လည်း ဆရာမြသန်းတင့်က ဝန်ခံခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အန်ဒါဆန်ရဲ့ ပုံပြင်တွေအနက်မှာ တချို့ပုံပြင်တွေက ကရုဏာသက်ဖွယ် ဇာတ်လမ်းဆင်ထားသလို တချို့ပုံပြင်တွေကိုတော့လောကကြီးရဲ့ သဘောကို ပြောင်လှာင်ထားတဲ့ စကားလုံးတွေနဲ့ ခြယ်မှုန်းထားပါတယ်။ တချို့ပုံပြင်တွေကတော့ လောကကြီးရဲ့ အငြိုအငြင်ကို မခံရဘဲ ထွက်ပြေးရတဲ့ ဘဝကနေ လောကရဲ့ အငြိုအငြင်ကို ခံရဲတဲ့သတ္တိနဲ့ ပြည့်စုံလာသူတွေရဲ့ ဘဝကို ပုံဖော်ထားပါတယ်။
ဒီပုံပြင်တွေကို ရေးသားတဲ့ မူရင်းပုံပြင်ဆရာကြီး အန်ဒါဆန်ဟာ ဒိန်းမတ်ပြည်သားဖြစ်ပြီး ၁၉ရာစု အကုန်မှာ ထင်ရှားခဲ့တဲ့ စာရေးဆရာကြီးပါ။ ကလေးတွေအတွက် ဒဏ္ဍာရီပုံပြင်တွေကို စာပေဟန်နဲ့ ရေးသားခြင်း၊ သူကိုယ်တိုင် ပုံပြင်အသစ်တွေ တီထွင်ဖန်တီးခြင်းကြောင့် ထင်ရှားခဲ့ပါတယ်။ ဒီ စာရေးဆရာကြီး အန်ဒါဆန်ရဲ့ ပုံပြင်တွေဟာ ဒိန်းမတ်ကလေးတွေအတွက်သာ မက၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကလေးတွေနဲ့ပါ သင့်လျော်တဲ့ ပုံပြင်တွေဖြစ်တာကြောင့် ဆရာမြသန်းတင့်ဟာ ဒီပုံပြင်တွေကို သွေးသောက်မဂ္ဂဇင်းမှာ အပတ်စဉ်ဆက်တိုက် ဘာသာပြန် ရေးသားခဲ့ပါတယ်။ ကလေးပုံပြင်တွေ ဆိုပေမယ့် ရသစာပေအသွင် ဖန်တီးရေးသားထားတဲ့ ပုံပြင်တွေဖြစ်တာမို့ စာဖတ်သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။