အနောက်

နီကိုရဲ

800 Kyats ကျပ်
“အနောက် … တဲ့။ သူတို့ ဝန်းကျင်မှာ သုံးတတ်တဲ့ လူငယ်စကားပါ။ တစ်စုံတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရ၊ အာရုံနောက်ရတဲ့ အခါမျိုးမှာ ပြောဆို သုံးစွဲတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ … ထိမ်းမြား လက်ထပ်ခြင်းဆိုတာ စစ်မြေပြင် တစ်ခုလိုပါပဲ။ နှင်းဆီမွေ့ရာ တစ်ခု မဟုတ်ဘူး” ဆိုတဲ့ (ရောဘတ်လောရစ်စတီဗင်ဆင်) ရဲ့ စကား။ ‘ထိမ်းမြား လက်ထပ် မင်္ဂလာဆောင်တယ်ဆိုတာ တကယ်တော့… အရိုးမပါတဲ့ အရာနှစ်ခု ပေါင်းစပ်ခြင်းပါပဲ။ မှတ်ချက် - (အသည်းနှလုံးမှာ အရိုးမပါပါ)’ ဆိုတဲ့ လူနောက်ရဲ့ ဖွင့်ဟချက်။ ဒီလို ဒီလို အဖွင့်နဲ့ ဆရာနီကိုရဲရဲ့ ‘အနောက်’ အချစ်ခံစားမှု ရသဝတ္ထုရှည်တစ်ပုဒ်။ “မလုပ်ကြနဲ့၊ အဲ… အဲလို မလုပ်ကြပါနဲ့၊ ရပ် … ရပ်ကြ၊ ရပ်ကြပါ။ မင်းတို့ အဲ့ဒီလိုလုပ်ရင် အဖေ့ကိုသာ အရင် သတ်လိုက်ကြပါ။ မလုပ်ကြပါနဲ့၊ အဖေ့ကို သနားပါ ငါ့သားတို့ရယ်”ဆိုတဲ့ အော်သံတစ်သံက ဒီဇာတ်လမ်းကို စဖွင့်လှစ်တယ်။ ဒီလို အော်ဟစ်ပြီး တရားရုံးထဲ ပြေးဝင်လာတဲ့သူက ဦးရည်မွန်။ တရားရုံးထဲမှာ ထိမ်းမြားမင်္ဂလာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့ ရဲရင့်နဲ့ လရိပ်တို့ဟာ အော်ဟစ်ပြေးဝင်လာတဲ့ ဦးရည်မွန်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြတယ်။ လရိပ်ဆိုရင် လက်မှတ်ထိုးဖို့ ကိုင်ထားခါစ ဘောလ်ပင်လေးတောင် လွတ်ကျသွားတဲ့အထိ။ တကယ်တော့ ဦးရည်မွန်ဟာ ရဲရင့်ရဲ့ အဖေပါ။ “ကျွန်တော်တို့ ဆယ်ရှစ်နှစ်အရွယ်ကို ကျော်ခဲ့ကြပြီးပြီ။ အိမ်ထောင်ရေးမှာ ကျွန်တော်တို့ စိတ်ကြိုက် ရွေးချယ် ဆုံးဖြတ်နိုင်ပြီ။ အဖေ ကျွန်တော့်ကို သားအဖြစ်က စွန့်လွှတ်ရင် စွန့်လွှတ်လိုက်၊ လရိပ်ကိုတော့ ကျွန်တော် မစွန့်လွှတ်ဘူး အဖေ”ဆိုတဲ့ ရဲရင့်ရဲ့ စကား။ တစ်သက်လုံး အဖေစကားကို နားထောင်ခဲ့ရာက ပထမဆုံးအကြိမ် ငြင်းဆန်လိုက်တဲ့ ရဲရင့်ရဲ့ရင်ထဲမှာ အချစ်ရဲ့ သတ္တိခွန်အားတွေ အပြည့်။ ‘“ဘဝမှာ သူ့သားဖြစ်ရတာကိုက ငရဲ ကံဆိုးတာပါပဲ။ ဒီကောင့် ဖားသားကြီးက တကယ့်ကို အနောက်ပါပဲကွာ’ ဆိုတဲ့ အသိသက်သေ မျိုးရည်ရဲ့ သုံးသပ်ချက်။ ကဲ … ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းရဲ့ ‘အနောက်’ က ဘယ်သူလဲဆိုတာ မြင်သာလောက်ပါပြီ။ ဒီလို ဇာတ်လမ်းအစမှာတင် ‘အနောက်’ ကြီးအဖြစ် ပွဲထွက်လာတဲ့ ဦးရည်မွန်တစ်ယောက် ဇာတ်လမ်းတစ်ပုဒ်လုံးကို ဘယ်လို နောက်ဦးမလဲဆိုတာကတော့ …