ဆိတ်ငြိမ်သောအိမ်ကြီး

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ခေတ်အဆက်ဆက်က စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ကြတဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ စာပေလက်ရာတွေကို တစ်အုပ်ပြီးတစ်အုပ် တင်ဆက်ခဲ့ရာမှာ ဒီကနေ့ စာချစ်သူတို့ဆီ ထပ်မံ မိတ်ဆက်ပေးမယ့် စာအုပ်ကတော့ ဆရာဒဂုန်ရွှေမျှားရဲ့ ပင်ကိုရေး ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတို စာအုပ်ပဲ ဖြစ်ပါတယ်။ ပင်ကိုရေးပဲ ရေးရေး၊ ဘာသာပြန်ပဲ ရေးရေး၊ ဝတ္ထုရှည်ရေးရေး၊ ဝတ္ထုတိုရေးရေး၊ စာဖတ်သူအတွက် စေတနာထားရေးသားခဲ့တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ လက်ရာတွေက အကြောင်းအရာစုံ၊ သုတ ရသ စုံလင်လှပါတယ်။ ဒီစာအုပ်မှာ ဖတ်ရမှာကတော့ ပင်ကိုရေး ဝတ္ထုတိုကောင်းကောင်းလေးတွေပါ။ ဒီစာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဆိတ်ငြိမ်သောအိမ်ကြီး ဝတ္ထုဆိုရင် အဲဒီခေတ်အခါက ထင်ရှားခဲ့တဲ့ ဒဂုန်မဂ္ဂဇင်းမှာ ဆရာဒဂုန်ရွှေမျှား ရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ်။ မဂ္ဂဇင်းစာမျက်နှာမှာ ပါခဲ့ကတည်းက စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ရတဲ့ သည်းထိတ်ရင်ဖို ဝတ္ထုဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ္ထုက စာရေးဆရာရဲ့ စိတ်ကူးယဉ်မဟုတ်ဘဲ မိတ်ဆွေတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို ပြန်လည်ပုံဖော်ရေးသားမှုလည်း ဖြစ်ပါတယ်။ ဆရာဒဂုန်ရွှေမျှားရဲ့မိတ်ဆွေ မြို့အုပ်ကိုဘလှိုင်ဆိုသူ ကြုံခဲ့ရတဲ့ အံ့သြထူးဆန်းဖွယ်၊ ရင်ထိတ်ချောက်ချားဖွယ် အဖြစ်အပျက်တွေကို ပုံဖော်ထားတဲ့ ‘ဆိတ်ငြိမ်သော အိမ်ကြီး’ အပါအဝင် အခြား စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကို ဒီစာအုပ်မှာ အားပါးတရ ဖတ်ကြရမှာပါ။