အောင်ဆန်းဟုခေါ်သည်

နိုင်ဦး

1000 Kyats ကျပ်
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး နိုင်ငံ့ဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်ပြီး ငယ်စဉ်ဘဝကနေ ဈာပနအခမ်းအနားအထိ (၁၉၁၅ မှ ၁၉၄၇) ပြည့်စုံလုံလောက်တဲ့ ကျမ်းတစ်စောင်ပြုစုမှုကို ရန်ကုန်တက္က သိုလ်က သုတေသနပညာရှင်ကြီးတွေ စုပေါင်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပြုစုတည်းဖြတ်ပြီးခဲ့ကြပေမယ့် လူထု လက်ဝယ်ကို စာတစ်အုပ်အနေနဲ့ ရောက်ရှိမလာနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ အဲဒီကျမ်းရဲ့ အပွား ဖြစ်တဲ့ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ကျောင်းသင်ခန်းစာမှာ သင်ရသလောက်၊ အုပ်စိုးသူတွေရဲ့ ခွင့်ပြုသလောက်သာ အမြတ်တနိုးထား လေ့လာဆည်းပူးခဲ့ရပါတယ်။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ပြည့်ပြည့်စုံစုံ မရှိသေးမီ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အတော်အတန် သင့်လျော်ပြည့်စုံတဲ့ စာအုပ်သုံးအုပ် ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုစုထားမှုအပြင် ဒေါက်တာမောင်မောင် တည်းဖြတ်စုစည်းတဲ့ Aung Sun of Burma (1962) နဲ့ ဂျိုးဆက်(ဖ်)ဆီးဗားစတိန်း စုစည်းဖော်ပြထားတဲ့ The political legacy of Aung San (1972) တို့ပဲ ဖြစ်ပါတယ်။ ဝမ်းနည်းဖွယ်ကောင်းတာက အဲဒီ စာအုပ်သုံးအုပ်စလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ ပြည်ပနိုင်ငံတွေမှာ ထုတ်ဝေမှုဖြစ်တဲ့အပြင် ပိတ်ဆို့တားဆီးမှုတွေကြောင့် မြန်မာလူထုလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် မရောက်ခဲ့ပါဘူး။ ဆရာနိုင်ဦး ဘာသာပြန်ဆိုတဲ့ ယခုစာအုပ်ကတော့ ရှေ့စာအုပ်စာတမ်း သုံးခုရဲ့ အား၊ ယခုစာအုပ်ပြုစုသူရဲ့ ထပ်မံစိုက်ထုတ် လုံ့လပြုထားတဲ့ သက်ရှိထင်ရှား ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့ဆုံမေးမြန်းမှု၊ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ ပုဂ္ဂိုလ်ရေးပေးစာတွေကို ထုတ်နုတ်ဆန်ကာတင်ထားမှု၊ အနောက်နိုင်ငံကြီးတွေနဲ့ အိန္ဒိယနိုင်ငံတို့မှာ ရှိတဲ့ စာကြည့်တိုက် မှတ်တမ်းရုံး စတာတွေကနေ ဖြည့်ဆည်းလေ့လာထားမှုတို့ကနေ အဆီအနှစ်ထုတ် ပြုစုဖြစ်ပေါ်လာခဲ့တဲ့ စာအုပ်ပါ။ ကျန်တဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိတွေမှာလည်း သူ့ကဏ္ဍနဲ့သူ ကောင်းမွန်သလို ဒီစာအုပ်က ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အိုင်ဒီအိုလိုဂျီ အဆက်အဟပ်ကို လုံးစေ့ပတ်စေ့ နားလည်သဘောပေါက်အောင် ကြိုးပမ်းအားထုတ်ထားတာမို့ စာဖတ်သူတွေအတွက် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ သက်သက်မဟုတ်ပဲ အင်မတန်အကျိုးများစေမယ့် စာအုပ်ဖြစ်ပါတယ်။