မှော်ဆရာ တစ်ယောက်၏ ခရီးစဉ်

မှော်နန်း(ပြည်)

အခမဲ့
အဘိုးတင်သည် ဆိုရာ၌ တံငါသည်တို့အဖို့ ငါးမရသည့်အခါများ ဆိုလျှင် ပင့်မြောက်ပူဇော်နေကျ ထုံးစံတစ်ခုသာတည်း။ ထိုအဘိုး ဆိုသည်ကား အခြားသူမဟုတ်။ သင်္ချိုင်းရှင်မ မဖဲဝါ၏ လူ့ဘဝအခါသမယတွင် အစ်ကို တော်စပ်ခဲ့သော အင်းသူကြီး တစ်ပွဲစား မောင်စံဖဲသာဖြစ်၏။ အဘိုးတင်ရာတွင် ဤသို့ ဆိုကြလေ၏။ ‘အဘိုးခင်ဗျာ။ ယနေ့ယခု ဦးဦးဖျားဖျား ရရှိထားသော ငါးအား အဘိုးထံ ဆက်သပါတယ်။ အနှောက်အယှက်ရှိက ဖယ်ရှားပေးပါ ။ ဟင်းစား ကျွေးစား ပေးသနားပါ အဘိုး ခင်ဗျာ’ စသည်ဖြင့် တောင်းပန်၍ ရရှိလာသော ငါးအား မိမိတို့ချက်ပြုတ် စားသောက်ခြင်း၊ ရောင်းချခြင်းမပြုဘဲ ထိုငါးအား မိမိတို့ နေထိုင်ရာ တဲ၏ခေါင်မိုး ပေါ်သို့ ပစ်တင်ထားကြသည် ။ နောက်တစ်နေ့ နံနက်သို့ ရောက်သော် ခေါင်မိုးပေါ်သို့ ပစ်ထားသော ငါးကို ယူ၍ အိုးပြည့် ခွက်ပြည့် ချက်ကြသည်။ ထန်းရည် (သို့) တောအရက် ကလေးလည်း ပါသေး၏။ ထိုသို့ ချက်ပြုတ်ပြင်ဆင်ပြီးလျှင် စားဦးစားဖျားကို ဘုရားရှင်အား ဆွမ်းကပ်လှူပြီးနောက် အဘိုးစံဖဲအား တစ်ပွဲ ပူဇော်ရသည်။ ကြွင်းကျန်သော ငါးဟင်းတို့အား ရောက်လာသူအများအား ဒါနပြုရသည်။ ထန်းရည် ၊ အရက် အပါအဝင် ထို ငါးဟင်းဖြင့် စားတော်ပွဲ တည်ကြလေတော့သည်။