ထူးဆန်းသော အံ့ဖွယ်ဖိနပ်ကလေးနှင့် ပုံပြင်များ

မောင်ခေတ်ထွန်း

700 Kyats ကျပ်
ပုံပြင်တွေကို ကလေးဘဝ နေ့နေ့ညည အချိန်များစွာမှာ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ လူကြီးမိဘ၊ ဘိုးဘွားတွေက ပြန်ပြောင်းပြောပြခဲ့တဲ့ အိပ်ရာဝင် ပုံပြင်တွေ၊ ကလေးအချင်းချင်း လက်ဆင့်ကမ်းပြီး ပြောခဲ့ကြတဲ့ ပုံပြင်တွေ၊ ကျောင်းစာသင်ခန်းထဲက အားလပ်ချိန်တွေမှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို အသုံးပြုပြီး စကားပြောကောင်းသူ ကျောင်းသားတစ်ယောက်က စိတ်ကူးတည့်ရာ ပုံဆွဲပြောပြတာကို ကျန်တဲ့ သူငယ်ချင်းတွေက ဝိုင်းဖွဲ့နားထောင်ခဲ့ကြတဲ့ ပုံပြင်တွေ၊ များစွာ … များစွာပါပဲ။ ကလေးဘဝကို ဖြတ်ကျော်လို့ ကြီးပြင်းလာတဲ့အခါမှာတော့ ငယ်စဉ်ကလေးဘဝကလောက် ပုံပြင်တွေနဲ့ ပတ်သက်ခွင့် မရှိတော့ပေမဲ့ ကျွန်တော်တို့ရဲ့ ရင်တွင်းတစ်နေရာမှာ ပုံပြင်လေးတွေက ကိန်းဝပ်နေတုန်း ဖြစ်မှာပါ။ စာချစ်သူ မိတ်ဆွေတို့ရဲ့ ရင်ထဲမှာလည်း ပုံပြင်တွေကို ချစ်တဲ့စိတ် ရှိနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ လက်တွေ့ဘဝရဲ့ နိစ္စဓူဝ ရုန်းကန်ကျင်လည်မှုတွေကနေ စိတ်ကူးယဉ်ကမ္ဘာလေးတစ်ခုဆီ လွတ်လပ်ပေါ့ပါးစွာ ရောက်ရှိစေနိုင်တာက ပုံပြင်တွေပဲ မဟုတ်လား။ အခု မိတ်ဆွေတို့ရဲ့ ဘဝဖြတ်သန်းမှုမှာ လောကဓံရဲ့ အမောတွေကို နေ့စဉ် ရင်ဆိုင်ရင်း ပင်ပန်းမောဟိုက်နေကြတယ်ဆိုရင် အပူအပင်ကင်းတဲ့ ကလေးဘဝဆီ အလည်ပြန်သွားနိုင်ဖို့ ပုံပြင်လေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။ ဆရာမောင်ခေတ်ထွန်း ရေးတဲ့ ‘ထူးဆန်းသော အံ့ဖွယ်ဖိနပ်ကလေးနှင့် ပုံပြင်များ’ တဲ့။ ဒီစာအုပ်ထဲက ပုံပြင်လေးတွေကို ဖတ်ကြည့်ပါလား။ လူသေးသေးလေးတွေ၊ နတ်သမီးလေးတွေ၊ လိပ်ပြာလေးတွေ၊ ထူးဆန်းပြီး အစွမ်းထက်တဲ့ လူသုံးပစ္စည်းလေးတွေနဲ့အတူ အံ့ဖွယ်လောကထဲ ကိုယ်တိုင်ရောက်သွားသလို ပေါ့ပါးလွတ်မြောက်မှု အတိုင်းအတာတစ်ခုတော့ ရရှိနိုင်မှာ သေချာပါတယ်။