ဓားသွားထက်က ရှင်းတမ်း

နေသူနိုင်

အခမဲ့
ဓားတစ္ဆေ … မည်ကဲ့သို့သော လူဖြစ်သနည်း။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်လောက်က ပေါ်လာသော အသက်နှစ်ဆယ့်ငါးနှစ်ခန့်ရှိ လူရွယ်တစ်ဦး ဓားပညာတွင် မှော်ပေါက်နေသည်ဟုထင်ရလောက်အောင် တစ်ဖက်ကမ်းခပ် တတ်ကျွမ်းထားပြီး လူတစ်ယောက်အားသက်ရန် မျက်တောင်မခက်သော သိုင်းသမားဆိုးတစ်ဦး ဖြစ်လေသည်။ သွေးစက်ဝန်းဂိုဏ်းအား ဖြိုခွဲပြီးနောက် သိုင်းလောကအလယ် စတင်ခြေချလာသည့် သိုင်းသမား။ တစ်နှစ်အတွင်း ပထမတန်းစားထိပ်သီးဓားသမား ခြောက်ယောက်သေ လေးဦးဒဏ်ရာ ရလေသည်။ ကြေးစားဓား ရံဖန်ရံခါ လုပ်တတ်ပြီး နှစ် နှစ်ခန့်အကြာတွင် ဓားတစ္ဆေ ဟူသောဘွဲ့အား ပိုင်ဆိုင်နေချေပြီ။ ငါးနှစ်ခန့် အကြာတွင် ဓားတစ္ဆေ ၏ လက်ချက်ကြောင့် အဖြူအမည်း သိုင်းသမားများ ငါးဆယ်ကျော် သေဆုံးသွားခဲ့ပြီး အယောက်နှစ်ဆယ်လောက်မှာ ဒုက္ခိတဘဝရောက်ရရှာလေ၏။ စိန်ခေါ်တိုက်ခိုက်တတ်သော အကျင့်ကြောင့် ဂိုဏ်းချုပ်ကြီးများမှာ လက်ပိုက်ကြည့်နေရလေသည်။ ဓားရာဇာလွေဖုံး မှာ ဓားတစ္ဆေ အား ပထမဆုံး စိန်ခေါ်သောသူဖြစ်လေသည်။ ဓားရာဇာလွေဖုံး မှာ ဓားသိုင်းမြစ်ဖျားခံရာ ဝူတန်ဂိုဏ်းချုပ်ကြီးထက် အဆင့်အနည်းငယ်သာ နိမ့်ပြီး သူ၏ဓားရာဇာ ဘွဲ့အား အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ချေ။ ထိုကဲ့သို့ ဓားရာဇာ တစ်ဦးနှင့် ဓားဝိညာဉ် စွဲကပ်နေသော သူတို့၏ ပြိုင်ပွဲအား သိုင်းလောကရှိ သိုင်းသမား များ အအေးဒဏ်အား အံတုပြီး လာရောက်ကြည့်ကြခြင်းဖြစ်လေသည်။