အောင်မြတ်သာနှင့် ဒုဋ္ဌဝတီရှင်းတမ်း

ဇယေန(ရာမည)

200 Kyats ကျပ်
အခု ငါတို့ ရင်ဆိုင်ရမယ့် နဂါးမျိုးက ရေနဂါးမျိုးဖြစ်တဲ့ "ဇလဇ နဂါးမျိုး"ပဲ။ အန္တရာယ်လည်း ကြီးသလို အဆိပ်လည်းပြင်းတယ် သူ့အာခံတွင်းကနေ ထုတ်လိုက်တဲ့ အဆိပ်ငွေ့ထိရင် အဲဒီလူရဲ့အသားတွေက တဖြည်းဖြည်း ပဲ့ကျပြီး အရိုးပဲ ကျန်တဲ့အထိ အဆိပ်ပြင်းတယ်။ ဆရာက ရှင်းပြပြီးတော့ ကိုတောက်ရကို ကြည့်ပြီး "တောက်ရ ကြောက်နေပြီလား" "မ … မကြောက်ပါဘူး ဆရာရယ် ဒါပေမဲ့ ရေအောက်ထဲမှာ ဆိုတော့ ကုန်းပေါ်မှာလို မဟုတ်ဘူး။ နောက်ပြီး အသက်လည်း ရှူမရဘူး အဲဒါကိုတော့ စိတ်ပူတာ" ဆရာက ပြုံးလိုက်ပြီး "အဲဒီအတွက် မပူပါနဲ့ ရေအောက်ထဲမှာ အသက်ရှူလို့ရတဲ့ နည်းလမ်း ရှိပြီးသားပါ အခုလုပ်ရမှာက ရေအောက်ထဲမှာ ရှိတယ်လို့ပဲ သိထားတဲ့ ဆင်းတုတော် ဗိမာန်ကို ရှာရမယ် ဘယ်နေရာမှာ ရှိတာ မသိတဲ့အတွက် နေရာသိတာနဲ့ ပြန်တက်လာရုံပဲ ကျန်တာ ငါတို့ ဆက်လုပ်မယ်" "ဒါဆို ကျုပ်က ဆင်းတုတော် ရှိတဲ့နေရာကို သိအောင် ရှာရုံပဲပေါ့ ဘာမှ မလုပ်ရဘူး မလား" "ဘာမှမလုပ်ရဘူး ရေအောက် ဆင်းတဲ့အချိန် အနှောင့်အယှက်တွေ ကြုံနိုင်တယ် အဲဒီလို အနှောင့်အယှက်တွေကို ရင်ဆိုင်နိုင်ဖို့ အဓိဋ္ဌာန် ၁၀ရက် ဝင်ရမယ်" "အဓိဋ္ဌာန်က ဘယ်မှာ ဝင်ရမှာလဲဆရာ" "အဓိဋ္ဌာန်ကို ဒုဋ္ဌဝတီ မြစ်ဘေးမှာရှိတဲ့ ရွှေစာရံစေတီမှာ ဝင်ရမယ် ကဲ အခု ရွှေစာရံစေတီကို ခရီး ဆက်ကြရအောင်" ကျွန်တော်တို့လည်း ရွှေစာရံစေတီရှိရာ ခရီးဆက်ခဲ့ကြတယ်။ စေတီတော်ကို ရောက်လို့ ရင်ပြင်ပေါ်ကို ခြေထောက်ချရုံပဲ ရှိသေးတယ်။ နှာခေါင်းထဲ တိုးဝင်လာတဲ့ အမွှေးနံ့သာနံ့ ဘယ်ရေမွှေးနဲ့မှ မတူအောင်ကို မွှေးကြိုင်လွန်းနေတယ်။ ကျွန်တော်က မသိမသာ ဆရာ့ကို ကြည့်လိုက်တော့ ဆရာက ခပ်ပြုံးပြုံးလေး နေပြီး "အစ်မတော် စောမွန်လှကတော့ ငါတို့ကို ကြိုနေပြီ"လို့ ပြောတယ်။