မန်လည်ဆရာတော်၏ မဟာသုတကာရီလမ်းညွှန်နီတိ

ဦးသော်ဇင်

600 Kyats ကျပ်
‘မရှိပညာ၊ ဤလူ့ရွာ၌၊ ကျမ်းစာနီတိ၊ တတ်မသိက၊ မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှ၊ ပေါက်ပန်းပမာ၊ မှတ်တို့ရာ၏’ ဆိုတဲ့ မဃဒေဝ လင်္ကာတစ်ပိုင်းတစ်စကို စာချစ်သူတို့ ကြားဖူးကြမှာပါ။ ရှေးပညာရှိတွေဟာ နီတိတွေကို များစွာ ရေးသားခဲ့ကြပါတယ်။ ဒီနီတိတွေထဲမှာ စာဏကျနီတိက ရှေးကျပြီးသမိုင်းဝင်တဲ့ နီတိပါပဲ။ စာဏကျလို့ အမည်ရတဲ့ ပုရောဟိတ် ပုဏ္ဏား ပညာရှိကြီးက သူ့တပည့် စန္ဒကုတ်မင်းသားကို သင်ကြားပို့ချခဲ့တဲ့ နီတိဖြစ်လို့ စာဏကျနီတိလို့ အမည်တွင်ပါတယ်။ နီတိက သေးငယ်ပေမဲ့ စန္ဒကုတ်မင်းသားဟာ တောတောင်ကန္တာရထဲ ခြေဦးတည့်ရာ သွားနေတဲ့ အခြေအနေကနေ မောရိယနိုင်ငံကို တည်ထောင်နိုင်လောက်တဲ့အထိ အထောက်အကူပြုနိုင်ခဲ့ပါတယ်။ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားဟာ စာဏကျနီတိမှာ ပါတဲ့ တိရစ္ဆာန်တွေဆီက အတုယူသင့်တဲ့ အကျင့်စရိုက်တွေကို မဟာသုတကာရီ မဃဒေဝလင်္ကာသစ်မှာ စပ်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဒီလို ကျမ်းကောင်းတစ်ကျမ်းရဲ့ လမ်းညွှန်အဖြစ် ဆရာဦးသော်ဇင်က ပြန်လည်ရေးသားပြုစုထားတာမို့ စာချစ်သူတို့အတွက် အကျိုးများစေမယ့် စာအုပ်တစ်အုပ်အဖြစ် လက်တို့လိုက်ပါတယ်နော်။