သာထွန်းအောင် တောထွက်ခန်း

ဟိန်းဆက်သွင်

300 Kyats ကျပ်
စာမြည်း။ ။ "နောက်ထပ် လာမယ့် ကမ္ဘာတစ်ခုခုမှာ ငါဟာ ဘုရားစင်စစ် ဧကန်ဖြစ်ရမယ်။ ကြာတော့ ကြာဦးမှာပေါ့ကွာ။ ပါရမီဖြည့်ကျင့်ချိန် လိုသေးတယ်မဟုတ်လား။ ပါရမီတွေ ပြည့်ပြီးလို့ ဘုရားဖြစ်တဲ့ နောက်ဆုံးဘဝကျ ငါ တရားဟောတော်မူနေချိန်မှာ ခင်မိုးနွယ်ဟာ ဘိက္ခူနီမလေးအဖြစ်နဲ့ ငါ့တရားနာရင်း ငါ့ရဲ့ကြည်ညိုဖွယ်ရာ ကောင်းပုံကို သတိပြုမိလိမ့်မယ်။ ဒီလောက် ကြည်ညိုစရာကောင်းတဲ့ ယောက်ျားမြတ်ရဲ့ ကြင်သူအဖြစ် ဘဝတစ်ခုခုမှာ ငါ မဖြစ်ခဲ့ရဘူးလားလို့ ဆင်ခြင်မိလိမ့်မယ်။ အဲဒီအခါ အခုဘဝ သာထွန်းအောင်နဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ ခင်မိုးနွယ်ဘဝကို ပြန်မြင်ပြီး ပြုံးရယ်လိမ့်မယ်။ ပြီးရင် သာထွန်းအောင်အပေါ် အသည်းရော၊ ခေါင်းပါ ကွဲအောင် ရက်စက်ခဲ့ဖူးတဲ့ အခြေအနေတွေကို ပြန်မြင်ပြီး ဝမ်းနည်းပက်လက် ငိုပွဲဝင်လိမ့်မယ်။ ဒီအခါ ငါက တရားနာပရိသတ်တွေကို သာထွန်းအောင်ဇာတ်တော် ဟောတော်မူလိမ့်မယ်" ထန်းရည်တစ်မြူ၊ လယ်ကြွက်ကြော်တစ်ပွဲနှင့် ပဲခြမ်းသုတ်တို့ကို လာချပေးသော မသောင်းသား အကြီးကောင်လေးက သာထွန်းအောင်စကားကို နားလည်ပုံမရ။ စိတ်ဝင်စားပုံ မပေါ်။ ဝိုင်းအလယ်မှာ မှာထားတာတွေ ချပေးပြီးသည်နှင့် နှပ်ကို ရွှတ်ခနဲ စုပ်သွင်းပြီး တဲဘက်ဆီ ပြန်ပြေးသွားသည်။ သာထွန်းအောင်ကလည်း ကျန်တာကို ဂရုမစိုက်။ သူ့စကား သူ ဆက်သည်။ "ဒီလိုပေါ့ကွာ … ဤကမ္ဘာမှ ပြန်ရေတွက်သည်ရှိသော် လွန်ခဲ့သော လေးသင်္ချ ကမ္ဘာတစ်သိန်းအထက်က ဘုရား ငါးဆူ ပွင့်တော်မူခဲ့သည့် ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်သော ဂေါတမဘုရားရှင်၏ သာသနာအတွင်း ရာမညမည်သော တိုင်းဝယ် ငါဘုရားသည် သာထွန်းအောင်ဟု အမည်ရသော လုလင်တစ်ဦး ဖြစ်ခဲ့ဖူးချေသည် … လို့ အစပျိုးပြီး သာထွန်းအောင်ဇာတ်တော်ကို ငါ ပြန်ဟောတော်မူမယ်"