မေသော်တာနှင့် ခေါ်သံ

သျှား

200 Kyats ကျပ်
"မောင် ကြားလိုက်လား" ၊ "ဟင် ဘာလဲ ဧကရီ" ၊ "ကျွန်မ နာမည်ကို ခေါ်လိုက်သံ မကြားဘူးလား" ၊ "ဟင် မောင်တော့ ဘာမှ မကြားပါဘူး" ဧကရီ မောင့်ကို ကြည့်လိုက်တော့ ပုံမှန် အေးအေးဆေးဆေးနှင့် ကားလေးကို မောင်းနေသည်။ မည်သည့်အသံမှ ကြားလိုက်သည့်ပုံ မပေါ်ပါ။ အမေ့အသက်ကို မမီမှာ စိုးလို့သာ ညဘက်ကြီး အမြန် ထွက်လာရတာ။ အမှန်ဆို ဧကရီ ညဘက်ကြီး ခရီး မသွားချင်။ ညနေစောင်း လောက်မှာ မန္တလေးက အဖေက အမေ့အခြေအနေ မကောင်းသဖြင့် ချက်ချင်း လိုက်လာခဲ့ရန် ဖုန်းဆက်ခေါ်သည်။ ထို့ကြောင့်ဧကရီနှင့် မောင် သားကို အိမ်စောင့်နေရန် မှာစရာရှိတာ မှာ၍ အလျှင်အမြန် ထွက်ခဲ့ ရသည်။ သားက တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားမို့ အိမ်သိပ်ကပ်သူ မဟုတ်။ အပေါင်းအသင်း တရုန်းရုန်းနှင့် အပြင်မှာ အချိန်ကုန်နေသည်သာ များသည်။ ဒါပေမဲ့ အခုတော့ အဘွားအသက် မီရန် သွားရတာမို့ အိမ်မှာပဲ သေချာစောင့် နေဖို့ မနည်း ပြောထားခဲ့ရသည်။ ဟုတ်ဟုတ် ဟု ပြောပေမဲ့ ခုလောက်ဆို သူငယ်ချင်းတွေ ခေါ်ပြီးအိမ်မှာ သောင်းကျန်းနေလောက်ပြီ။ အမေ့အတွက် စိတ်ပူစိတ်ဖြင့် ဧကရီ စိတ်ထဲ ရှုပ်ထွေး နောက်ကျိနေသည်။ "ဟာ ဒီနေရာမှာ ဘာလို့မြူတွေက ရုတ်တရက် ဆိုင်းလာရ တာလဲ" မောင့်စကားကြောင့် ဧကရီကားရှေ့ကို ကြည့်မိတော့ မြူခိုး များ ပိန်းပိတ် နေသည်။ ရုတ်တရက်ကြီး ဘယ်ကမြူတွေ ကားလမ်းပေါ် ရောက်လာရပါသလဲ။