အက်ဖ်ဘီအိုင် အတွင်းရေး

လင်းယုန်မောင်မောင်

800 Kyats ကျပ်
ဤစာအုပ်၏ ပထမပိုင်းတွင် အက်ဖ်ဘီအိုင်အဖွဲ့ကြီး စတင် ပေါ်ပေါက်လာခဲ့ပုံများနှင့် ဤ အဖွဲ့ကြီး၏ ဌာနဆိုင်ရာလုပ်ငန်းများ၊ စီမံခန့်ခွဲပုံများကို တတ်နိုင်သမျှ စုဆောင်း ဖော်ပြထားပါသည်။ ဤသည်နှင့် တစ်ဆက်တည်း အက်ဖ်ဘီအိုင်အဖွဲ့ကြီး၏ ကြိုးပမ်း စွမ်းဆောင်ချက်များကို အဖြစ်အပျက်များနှင့်တကွ အခိုင်အမာ ထည့်သွင်းဖော်ပြထားပါသည်။ ယင်းအဖြစ်အပျက်များကို ဖော်ပြရာ၌ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ကမ္ဘာကျော် အမေရိကန်လူဆိုးကြီး ဒီလင်ဂျာအား အက်ဖ်ဘီအိုင်အဖွဲ့ကြီးက အသေပစ်သတ်၍ ဖမ်းဆီးခဲ့ရပုံများနှင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အမေရိကန်ပြည်တွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကာ အဖျက်လုပ်ငန်းများ လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြသော နာဇီစပိုင်အဖွဲ့ဝင်များအား စုံစမ်းထောက်လှမ်း၍ ဖမ်းဆီးအရေးယူခဲ့ရသည့် ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ထားပါသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ကြီးအပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီး၏ မှုခင်းမှတ်တမ်းများထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အထင်ရှားဆုံးဖြစ်သော မှုခင်းကြီးနှစ်ခုကို ဗဟုသုတအဖြစ် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ယင်းမှုခင်းကြီးနှစ်ခုအနက် တစ်ခုမှာ မိခင်အရင်းခေါက်ခေါက်ကို သေကြောင်းကြံခဲ့ရာမှ အခြားလူပေါင်း ၄၀ ကျော်တို့ပါ အသက်ဆုံးရှုံးခံခဲ့ရရှာသည့် လေယာဉ်ပျက်ကျမှုကြီးဖြစ်၍ အခြားတစ်ခုမှာ ကမ္ဘာကျော်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ နီဂရိုးအမျိုးသားခေါင်းဆောင် မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် လူသတ်သမားကို ရှာဖွေစုံစမ်းထောက်လှမ်းသည့် မှုခင်းကြီးပင် ဖြစ်ပါသည်။ ဤစာအုပ်၏ ဒုတိယပိုင်းတွင်မူ အက်ဖ်ဘီအိုင်အဖွဲ့ကြီးနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးရှိ လူပုဂ္ဂိုလ်အသီးသီးတို့က ဝေဖန်ပြစ်တင်ရှုံ့ချခဲ့သည့် အဖြစ်အပျက် အကြောင်းခြင်းရာများကို အသေးစိတ် ဖော်ပြထားပါသည်။ ဤအပိုင်းတွင် အက်ဖ်ဘီအိုင်စုံထောက်ဘဝမှ ထွက်လာခဲ့ကြသည့် အက်ဖ်ဘီအိုင် လူထွက်များနှင့်တကွ အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကပါ အက်ဖ်ဘီအိုင် အဖွဲ့ကြီးအပေါ် အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြရသည်များကို အထောက်အထားများနှင့် ခိုင်လုံစွာ စုဆောင်းဖော်ပြထားပါသည်။ ထို့ပြင် အမေရိကန်သမ္မတကနေဒီ လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ အဖြစ်အပျက် အကြောင်းအရာများ ရှုပ်ထွေးပွေလီသလောက် အက်ဖ်ဘီအိုင်အဖွဲ့ကြီးမှာ ဤလုပ်ကြံမှုတွင်း အဖတ်ဆယ်မရအောင် နာမည်ပျက် အရှက်ကွဲခဲ့ရသည်များကိုလည်း ဤအပိုင်းတွင် အသေးစိတ် တင်ပြထားပါသည်။