လက်ဖက်ရည်ဆိုင်ထဲကအိမ်

မိုးကျော်ဇင်

1000 Kyats ကျပ်
“လက်ဖက်ရည်ဆိုင်ထဲက အိမ်” ဝတ္ထုကို ရေးဖြစ်ဖို့ ကျွန်တော့်ကို အဓိကလှုံ့ဆော်တဲ့ အရာနှစ်ခုရှိပါတယ်။ အဲဒါတွေက စာအုပ်တစ်အုပ်နဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆရာဦးဝင်းငြိမ်း ဘာသာပြန်တဲ့ နိုဗယ်ဆုရ အီဂျစ်ဝတ္ထု “အစနဲ့ အဆုံး” ကို ဖတ်ရပါတယ်။ အစိုးရဌာနတစ်ခုက အလယ်အလတ်တန်း အရာရှိတစ်ယောက်ဖြစ်တဲ့ ဖခင်ကွယ်လွန်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ မိသားစုအခြေအနေကို ရေးဖွဲ့ထားတာပါ။ ဒီစာအုပ်ကို ဖတ်ရတဲ့အခါ မေ့လျော့နေတဲ့ အချက်အလက်တချို့ကို ကျွန်တော် ပြန်သတိရပါတယ်။ အိပ်ပျော်နေတဲ့ ခံစားချက်တချို့လည်း နိုးထလာခဲ့ပါတယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ကိုလည်း ပြန်မြင်ယောင်လာပါတယ်။ လက်ဖက်ရည်ဆိုင် ဆိုပေမဲ့ ရန်ကုန်မြို့ကြီးရဲ့ လမ်းသွယ်လေးတစ်လမ်းဘေးက ဆိုင်လေးပါ။ တာလပတ်အမိုး၊ တာလပတ်အကာနဲ့ တည်ဆောက်ထားတဲ့ ဆိုင်လေး။ အဲဒီဆိုင်လေးထဲမှာ မိသားစုတစ်စုနဲ့အတူ အဆင်မပြေမှုတချို့လည်း နေထိုင်ကြပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ရန်ကုန်မြို့ကြီးရဲ့ အသစ်စက်စက် ဧည့်သည်လေးအဖြစ် အဆောင်တစ်ခုမှာ ခိုတွယ်နေရချိန်ပေါ့။ မနက်မိုးလင်းလို့ အဆောင်အောက်ကို ဆင်းလိုက်တာနဲ့ အဲဒီလက်ဖက်ရည်ဆိုင်လေးရဲ့ တံစက်မြိတ်ကို တန်းရောက်သွားတော့တာပဲ။ နေ့လယ်ပိုင်း အားလပ်ချိန်တွေဆိုလည်း အဲဒီဆိုင်လေးကိုရောက်၊ ညဦးပိုင်း လူစုံချိန်ဆိုလည်း အဲဒီဆိုင်လေးမှာ ဝိုင်းဖွဲ့ကြပေါ့။ ကျွန်တော် အဆောင်ကထွက်ခွာခဲ့ပြီး ဆယ်စုနှစ် တစ်ခုလောက်ကြာတော့ အဲဒီ လက်ဖက်ရည်ဆိုင်လေး မရှိတော့ဘူးဆိုတာ ကြားသိခဲ့ရပါတယ်။ ဘာကြောင့်၊ ဘယ်တုန်းက၊ ဘယ်သူတွေ၊ ဘာဖြစ်သွားတယ် ဆိုတဲ့ အချက် အလက်တွေကိုပါ ကြားသိခဲ့ရတာပါ။ နောက်ထပ် နှစ်အနည်းငယ် ထပ်ကြာတဲ့အထိ ကျွန်တော် အဲဒီ လက်ဖက်ရည်ဆိုင်လေးကို တစ်ခါတစ်ရံ သတိရတတ်ပါတယ်။ နောက်ပိုင်း လုံးဝ မေ့လျော့သွားခဲ့ပါတယ်။ ဆရာဦးဝင်းငြိမ်းရဲ့ “အစနဲ့ အဆုံး” ဘာသာပြန် ဖတ်ပြီးသွားချိန်မှာတော့ ကျွန်တော် မေ့လျော့နေခဲ့တဲ့ အဲဒီ လက်ဖက်ရည် ဆိုင်လေးကို ပြန်လည်သတိရခဲ့ပါတယ်။ သူတို့ရဲ့ လူမသိ သူမသိ စစ်ပွဲကလေးတွေကိုလည်း တွေးတော ဆင်ခြင်မိတယ်။ ဒီလိုအခြေအနေတွေကပဲ ကျွန်တော့်ကို ဒီဝတ္ထုရေးဖြစ်အောင် လှုံ့ဆော်တိုက်တွန်းခဲ့တာပါ။ ဒီလို အခြေအနေတွေကပဲ လည်ပင်းရှည်ရှည်၊ ပိန်ညောင်ညောင် ကောင်လေးရဲ့ ဝိညာဉ်က ကျွန်တော့်ကို ပူးကပ်စေခဲ့တာပါ။