မိုးကောင်းကင်ကို လွှင့်ပစ်လိုက်

မိုးနီလွင်

600 Kyats ကျပ်
“သတင်းဖွတဲ့ နေရာမှာ သူကနာမည်ကြီး၊ အဲဒါကြောင့် အရိပ်ကို စိတ်ရှုပ်မခံစေချင်တာနဲ့ ဘာမှ ကြိုပြောမထားတော့တာ၊ ကဲ … ခု သတင်းပါလာတော့လည်း ပြီးပြီ၊ အေးတာပဲပေါ့” “ကျွန်တော် ဘလူးအတွက်ပဲ စိုးရိမ်တာ၊ ဘလူးတို့က နာမည်ကြီးအနုပညာရှင်တွေ၊ တော်ကြာ … အောင်မြင်မှုကို ထိခိုက်သွားမှာစိုးလို့၊ ကျွန်တော်က ဒီသတင်းရေးတဲ့ကောင်ကို တရားတောင် စွဲချင်တာ၊ ရေးထားတာ မထိခလုတ်ထိခလုတ်နဲ့ ပြာလေးဖတ်လိုက်သေးလား” သူကမတော့ ရယ်၍ပဲနေသည်။ “အရိပ် … ကျွန်မစိတ်ထဲမှာ ဘာမှ မရှိတော့ဘူး၊ ကျွန်မမှာ ပရိသတ်ကို အသိမပေးရဲစရာ ဘာအကြောင်းမှလည်း မရှိတော့ဘူး၊ သူတို့ထည့်ပေးတဲ့ဓာတ်ပုံက အကောင်းဆုံးဓာတ်ပုံပဲ၊ တကယ် အသက်ဝင်တဲ့ပုံလေ၊ ပုံထဲမှာ ကျွန်မတို့ရော ကလေးတွေရော အရမ်းကို စိတ်ချမ်းသာ ပျော်ရွှင်နေ တယ်ဆိုတာ ငြင်းမရဘူး၊ ဒီဓာတ်ပုံကို ရိုက်တဲ့ ကျောင်းဆရာ ကိုလှစောက ရှင့်ထက် ဒီတစ်ခါ ပိုတော်တယ်နော်၊ ရှင်အဲဒါ … ဝန်ခံရမယ် … အရိပ်” သူပါ ဒီတစ်ခါတော့ ရော၍ရယ်လိုက်မိပါသည်။ စိတ်ကတော့ တကယ့်ကို ပေါ့ပါးလန်းဆန်း သွားပါပြီ။ သူမ တကယ်ကိုပြောင်းလဲသွားတာပါလား။ သူအံ့ဩနေရသည်။ အရင်ကဆို ခွင့်ပြုချက်မရဘဲ သတင်းတစ်ပုဒ်ထည့်မိလျှင် စိတ်ဆိုးမာန် ဆိုး တရားစွဲမယ်ပြောတာ မင်းသမီးတွေထဲမှာ သူမ အရင်ဆုံး။ ယခု … သူမကတောင် သူ့ကို ပြန်ဖျောင်းဖျနေတတ်ခဲ့ပြီ။ သူ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်မိပါသည်။ “ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်၊ အဲဒီပုံကတော့ တကယ့်ကို အမှတ်မထင်ရလိုက်တဲ့ (shot) ပါ၊ ကိုလှစောကို ကျေးဇူးတင်ရမှာပါ၊ ပြာလေး စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုလည်း ကျွန်တော် ကျေနပ်လိုက်ပါ့မယ်”