ကိုယ့်နှလုံးသားကိုမုန်းသူများ

မိုးနီလွင်

800 Kyats ကျပ်
⚪ အဖြစ်အပျက်တစ်ခုလုံးသည် ကျွန်မ၏ မှားယွင်းမှုကြောင့် သက်သက်သာ စတင်ခဲ့သည်ဟု လူအများက ပြောကြသည်။ ဤသို့ဆိုလျှင် ထိုမှားယွင်းမှုအတွက် အပြစ်ဒဏ်ကို ကျွန်မ ကျေနပ်စွာ တစ်ယောက်တည်း ရင်ဆိုင်ခံယူပါရစေ။ ဘာကြောင့်များ အခြားသော လူသားသုံးဦး၏ နှလုံးသားများကိုပါ လောကကြီးက အပြစ်ဒဏ် ချမှတ်ခဲ့ရပါသလဲ။ နောက်ဆုံးတော့ ကျွန်မတို့အားလုံး ရှုံးနိမ့်ကုန်ကြပြီ ဖြစ်လေသည်။ - ရှင်နှောင်း - ⚪ ‘အချစ်’ ဆိုသော စကားလုံး လှလှလေးတစ်ခုကို အသုံးပြုပြီး မိန်းမနှစ်ယောက်က ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို လုံးဝဥဿုံ ပျက်စီးသွားအောင် ဖျက်ဆီးခြေမွခဲ့ပါသည်။ တစ်ယောက်က ကျွန်တော့်ဘဝကို သတ်သွားခြင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျွန်တော့်နှလုံးသားကို သတ်သွားခြင်း ဖြစ်လေသည်။ အချစ်ဆိုတာ ထိုမျှလောက် ကြောက်စရာကောင်းမှန်း ကျွန်တော် ဘယ်တုန်းကမှ မသိခဲ့ပါ။ - ရဝေ - ⚪ ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးရသည့်ကိစ္စ ဆိုသည်မှာ စစ်ပွဲတစ်ခုကို မနိုင်နိုင်အောင် တိုက်ယူရခြင်းနှင့် တူညီသည်ဟု ကျွန်မ ယူဆထားသည်။ အဲဒီ ယောက်ျားဆီက လက်နက်ချ အရှုံးပေးမှုကို ရအောင် လုပ်ချင်လုပ်၊ ဒါမှမဟုတ်ရင် အဲဒီယောက်ျား၏ နှလုံးသားမရှိသော အသက်မဲ့ခန္ဓာကိုယ်တစ်ခုကို ရအောင် လုပ်ချင်လုပ် … ဒါပဲ ဖြစ်သည်။ အဓိက,ကတော့ ကျွန်မတို့ ချစ်မြတ်နိုးသော ယောက်ျားတစ်ဦးထံက တစ်ခုခုကို ကျွန်မတို့ ပြန်လည်ရရှိမှ ဖြစ်မည်။ - ဥသြ - ⚪ မိန်းမများ၏ဘဝမှာ ယောက်ျားတစ်ယောက်၏ အချစ်ကို အမြဲတမ်း အလိုရှိနေသည် မဟုတ်ပေ။ အထူးသဖြင့် ကိုယ်မှန်သည်ထင်ရာကို ဇွတ်ထိုးလုပ်တတ်သည့် အတ္တကို ရှေ့တန်းတင်တတ်သော မိန်းမများ၏ဘဝမှာ ပို၍ပင် မလိုအပ်တာ သေချာသည်။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို အရေးတကြီး လိုအပ်လာသော အချိန်မှာ မိန်းမများထံတွင် တစ်ချိန်သာရှိသည်။ လောကကြီးထံမှ သူတို့ ရှုံးနိမ့်သွားခဲ့သမျှ အစားထိုး လိုချင်လာသည့်အရာမှာ ယောက်ျားတစ်ဦးဆီက ချစ်ခင်မြတ်နိုးမှုသာ ရှိလေသည်။ ထို့ကြောင့် … ကျွန်တော်သည် သူမ ရှုံးနိမ့်သည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသူတစ်ဦး ဖြစ်လာခဲ့သည်။ - မွန်မြတ် - စာရေးဆရာ မိုးနီလွင်ရဲ့ ဒီဝတ္ထုကတော့ စာဖတ်သူကို တခါမှ မခံစားဖူးသေးတဲ့ ရသတွေကို ခံစားစေပါလိမ့်မယ်။ စာဖတ်သူရဲ့ စိတ်ကို လှုပ်ခါသွားစေမယ့် ဝတ္ထုတစ်ပုဒ်လို့ ပြောရမှာပါပဲ။ ဝန်ဇင်းပရိသတ်ကြီးလည်း ဖတ်ကြည့်ပါ။ ရင်ထဲမှာ တစ်ခုခုကတော့ သေချာပေါက် ကျန်ရစ်ခဲ့ပါလိမ့်မယ်။