နှင်းဆီ

မစန်ဒာ

1000 Kyats ကျပ်
မိထွေးနဲ့ လင်ပါသားသမီးတွေကြားက ပဋိပက္ခဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့ဖူးပြီးသား အကြောင်းတရားပါပဲ။ မိထွေးဆိုရင် မိထွေးတော် ဂေါတမီက လွဲလို့ ဘယ်မိထွေးမှ မကောင်းဘူးဆိုတဲ့ အယူအဆက ‘မိထွေး’ ဆိုတာနဲ့ ပတ်သက် ဆက်နွယ်နေသူ အများစု နားလည် သိမှတ်ထားကြတဲ့ အယူအဆတစ်ခု။ ဒါပေမဲ့၊ ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးအရာအဖြစ် မြင်တွေ့ရမှာကတော့ ဆရာမ မစန္ဒာဟာ မိထွေးကို ဗီလိန်နေရာမှာ မဖန်တီးထားဘူး ဆိုတဲ့အချက်ပါပဲ။ မိထွေးတစ်ယောက်ဖြစ်ပေမဲ့ မိခင်အရင်းလို မေတ္တာမျိုး မဟုတ်တောင်၊ အစ်မကြီးတစ်ဦးလို၊ အဒေါ်တစ်ယောက်လို ကရုဏာမေတ္တာမျိုး ရှိတဲ့ … ‘နှင်း’ ဒီဝတ္ထုထဲမှာ … ဇော်နဲ့ မော်ဟာ အမြွှာမောင်နှမ ဆိုပေမဲ့ အကျင့်စရိုက် သဘာဝချင်းက လုံးဝ ကွဲပြားကြတယ်။ မော်က ပန်းချီဆွဲတယ်၊ သီချင်းဆိုတယ်။ မော် ကြိုက်တဲ့ သီချင်းတွေကို ဇော်က ကီးကိုက်အောင် မဆိုတတ်သလို ပန်းချီဆိုရင်လည်း ဝလုံးတောင် ဝိုင်းအောင် မရေးတတ်သူ။ ဒီလိုပဲ ဇော်ဖတ်တဲ့ စာအုပ်တွေကိုဆိုရင် မော်က လှည့်တောင် မကြည့်တတ်သူ။ ဒီလို ကွဲပြားတဲ့ ဝါသနာ အယူအဆတွေနဲ့ အမြွှာနှစ်ယောက်။ ဇော်နဲ့ မော်ရဲ့ မေမေ ဆုံးပြီး သုံးနှစ်လောက်အကြာမှာ သူတို့ဖေဖေဟာ နှင်းဆိုတဲ့ မိန်းမကို လက်ထပ်ပြီး အိမ်ပေါ် ခေါ်တင်လာတယ်။ ဆယ်တန်းအရွယ် ဇော်နဲ့မော်တို့ မောင်နှမနဲ့ အဆင်ပြေချင်ပေမဲ့ နှင်းကတော့ မိထွေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ မကြည်ဖြူမှုတွေကိုပဲ ရရှိခဲ့ရရှာတယ်။ ဇော်ကို ဂိုက်လုပ်သူဆရာရဲ့ ညီ တင်မောင်ကျော်နဲ့ မော်တို့ရဲ့ ဆုံစည်းခန်းကတော့ စိတ်ဝင်စားစရာ ဇာတ်လမ်း အချိုးအကွေ့ပါပဲ။ မိန်းမကျမ်း ကျေပြီး ဖြစ်ရင်တွဲ လစ်ရင်ဆွဲတတ်တဲ့ တင်မောင်ကျော်ရဲ့ ယောက်ျားမာယာပိုက်ကွန်ကနေ ရုန်းမထွက်နိုင်ခဲ့တဲ့ မော် တစ်ယောက်၊ ဆယ်တန်းစာမေးပွဲ မဖြေခင်ကာလမှာ တင်မောင်ကျော်နဲ့ ငြိသွားပါတော့တယ်။ ဒီအချိန်မှာပဲ ဇော်နဲ့မော်ရဲ့ ဖခင်က ကွယ်လွန်၊ နှင်းက ဇော်နဲ့မော်ကို စောင့်ရှောက်ရင်း မော်နဲ့ တင်မောင်ကျော်အကြား နှင်းက ဝင်ဟန့်တားရပြန်တယ်။ ဘာကြောင့်လဲ ဘယ်လိုလဲ ဆိုတာက စာဖတ်သူအတွက် သိပ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မိသားစုတွေအကြား ဖြစ်တတ် ကြုံတတ်တဲ့ အဖြစ်အပျက်တွေ၊ လူ့သဘော လူ့သဘာဝတွေကို ဇာတ်လမ်းဆင်ရေးဖွဲ့ထားတဲ့ ‘နှင်းဆီ’ ဝတ္ထုရှည်ကတော့ ဆရာမ မစန္ဒာရဲ့ အနုပညာအား၊ ဖန်တီးမှုအား၊ ဝတ္ထုရေးမှုအတတ်အား၊ စေတနာအားတွေကြောင့် ရသမြောက်တဲ့ လက်ရာကောင်းတစ်ခုအဖြစ် အသက်ဝင်နေတယ် ဆိုတဲ့အချက်ကတော့ လုံးဝကို ငြင်းစရာမရှိ ခြွင်းချက် နတ္ထိပဲ ဖြစ်ပါတယ်။