မြယာရွှေပြည် မင်းသမီး

မင်းသိင်္ခ

1000 Kyats ကျပ်
ဆရာကြီးမင်းသိင်္ခ ရေးသားခဲ့တဲ့ မှော်ဘီမြို့ သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။ ကိုအောင်ထွန်း (မင်းသိင်္ခ) ဟာ ကျန်းမာရေးကြောင့် ဆေးရုံ ဆေးခန်းနဲ့ နီးတဲ့ မှော်ဘီမြို့စွန် (ပြည် - ရန်ကုန်) ကားလမ်းနံဘေးက ဘန့်ဘွေးကုန်းရွာမှာ ခြံလေးတစ်ခြံ ဝယ်ယူနေထိုင်ခဲ့ပါတယ်။ ခြံကို မဝယ်ယူခင်မှာ ဒီခြံဟာ ဥစ္စာစောင့်ရှိတယ်၊ အစောင့်အရှောက်ရှိတယ်၊ သိုက်ရှိတယ်၊ အနှောင့်အယှက်ရှိတယ်၊ မူလပိုင်ရှင်ဟာ မြယာရွှေပြည်မင်းသမီး ဖြစ်တယ် စတဲ့ စကားတွေကို ပတ်ဝန်းကျင်က ပြောဆိုကြပေမဲ့ ကိုအောင်ထွန်းကတော့ မျက်စိစုံမှိတ် ဝယ်ယူခဲ့ပါတယ်။ ခြံဝယ်ပြီးတဲ့အခါ ခြံထဲက အိမ်ဟောင်းလေးကို ရှင်းလင်းရင်း သားရေဖုံးစာအုပ်ထူကြီးတစ်အုပ်ကိုတွေ့ခဲ့တယ်။ စာအုပ်ထဲမှာတော့ အီဂျစ်စာတွေလို ရေးခြစ်ထားတဲ့ အရုပ်စာတွေအပြည့် ရေးထားပါတယ်။ ဒါနဲ့ ကိုအောင်ထွန်းဟာ တပည့်ဖြစ်သူ မောင်ကျော်ပြောင် (ဆရာဇင်ယော်နီ) ကို ခေါ်ပြီး ဒီစာအုပ်ထဲက အရုပ်စာတွေကို အချိန်ယူဖော်ပြီး ဖတ်လိုက်တဲ့အခါမှာတော့ မြယာရွှေပြည်မင်းသမီးဆိုတဲ့ မိန်းမသားတစ်ဦးရဲ့ အသည်းအူတုန်လှုပ်ဖွယ်၊ ဆွတ်ပျံ့ကြည်နူးဖွယ်၊ စိတ်ပျက်အားငယ်ဖွယ်၊ အားကျအတုယူဖွယ်၊ ကဲ့ရဲ့ဖွယ်၊ ချီးမွမ်းဖွယ်၊ မေ့လျော့ဖွယ်၊ တစိမ့်စိမ့် အမှတ်ရဖွယ်ကောင်းတဲ့ ဘဝဖြစ်စဉ်နဲ့တကွ မှော်ဘီမြို့သမိုင်း နောက်ခံအဖြစ်အပျက်တွေကို ဖတ်ရှုခဲ့ရပြီး စိတ်ဝင်စားစရာကောင်းလှတာကြောင့် ကိုအောင်ထွန်းတစ်ယောက် ဝတ္ထုအဖြစ် ပြန်လည်ရေးသားခဲ့တဲ့အခါမှာတော့ ဒီအဖြစ်အပျက်တွေကပဲ ဆရာကြီးမင်းသိင်္ခရဲ့ ‘မြယာရွှေပြည်မင်းသမီး’ ဆိုတဲ့ ဝတ္ထုကြီး ဖြစ်လာပါတော့မယ်။