ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင်ဖြည့်စွက် ရေးသားပါ

မင်းခိုက်စိုးစံ

800 Kyats ကျပ်
စာပေလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်နှစ်ပွင့် ပေါင်းစုစည်းခြင်းလို့ပဲ တင်စားရမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ မင်းခိုက်စိုးစန်ဆိုတာက ထက်မြက်တဲ့အတွေးအမြင်၊ ရဲရင့်ပြတ်သားတဲ့ အရေးအသား၊ ကြည်လင်ရှင်းသန့်တဲ့ ရသတို့ကို ခံစားပေးစွမ်းနိုင်သူပါ။ ထက်မြတ်နိုင်ဇင်ကလည်း ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်း၊ ရှုမြင်တတ်တဲ့ အနုပညာစိတ်၊ ရိုးရှင်းတဲ့ အဖွဲ့အနွဲ့တွေနဲ့ စူးစူးရှရှ ရသတွေကို ဖန်တီးတတ်သူပါ။ လူငယ်စာရေးဆရာတွေ ဖြစ်ကြတဲ့အလျောက် သူတို့ ဖန်တီးထုတ်လုပ်လိုက်တဲ့ အနုပညာကလည်း ( စနစ်တကျ ) လူငယ်ဆန်နေတယ်။ လူငယ်စာဖတ်ပရိသတ်တွေ များလာတဲ့အချိန်မှာ ခုလို အရေးအသားက အသစ်အဆန်းကို မက်မောတဲ့ လူငယ်တွေရဲ့ ရင်ဘတ်နဲ့ ကွက်တိပဲလို့ ဆိုရမှာပဲ ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တာက ဝတ္ထုတိုတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီ ဝတ္ထုတိုတွေဟာ - “စာဖတ်သူ မြင်နေကျ ဝတ္ထုတိုတွေ မဟုတ်ဘူး” ဝတ္ထုတို တစ်ပုဒ်တည်း ဖတ်ချင်လည်း ရတယ်၊ အဓိပ္ပါယ်ရှိတယ်၊ ရသခံစားမှု ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ဝတ္ထုတိုတွေကိုပါ ဆက်မဖတ်ဘူးဆိုရင်တော့ ပြည့်ဝတဲ့ ရသခံစားမှု၊ အတွေးအမြင်ကို ရရှိမှာမဟုတ်။ အကြောင်းကတော့ စာရေးသူ ( ဇာတ်ကြောင်းပြောသူ ) ဟာ အဖြစ်အပျက် တစ်ခုကို တည်ထားပြီး အဲ့ဒီ ဖြစ်ရပ်ထဲမှာ ပါဝင်သူ ဇာတ်ကောင်တွေရဲ့ ရှုထောင့် နေရာကနေ ဝင်ရောက် ရေးသားထားလို့ပါပဲ။ ဒီလို ဝတ္ထုတိုချိတ်ဆက် အရေးအသားမျိုး၊ တစ်ဦးထက်ပိုတဲ့ ရှုထောင့်အမြင် ( Multiple Point of View ) နဲ့အတူ ရေးသားထားတဲ့ ဝတ္ထုတိုတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရပါလိမ့်မယ်။ ပထမဆုံး တွေ့ရမှာကတော့ ‘သူစိမ်းများနှင့် နေ့လယ်စာ’ လို့ ခေါင်းစဉ်တပ်ထားတဲ့ ဝတ္ထုတိုတွေပါပဲ။ မေးခွန်းများနှင့် လူ၊ ဆာလောင်ခြင်းများနှင့် လူ၊ တိတ်ဆိတ်ခြင်းများနှင့် လူ၊ ဒဏ်ရာဟောင်းများနှင့် လူ … စတဲ့ ဝတ္ထုတို ခေါင်းစဉ်ငယ်လေးတွေဟာ ‘သူစိမ်းများနှင့် နေ့လယ်စာ’ ( ၁ )၊ ( ၂ )၊ ( ၃ )၊ ( ၄ ) ဆိုတဲ့ အောက်မှာ ရှိနေတယ်။ စာရေးသူ နှစ်ဦးစလုံး အားထုတ်ထားတဲ့ ဝတ္ထုတို အရေးသားတွေဟာ တစ်ပုဒ်ချင်းစီအလိုက်လည်း အဓိပ္ပါယ် ရှိနေသလို “သူစိမ်းများနှင့် နေ့လယ်စာ” ဆိုတဲ့ ခေါင်းစဉ်ကြီး အောက်မှာလည်း ပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပြန်တယ်။ နောက်တစ်ခုက >>> ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ။ ဒီခေါင်းစဉ်ကြီး အောက်မှာလည်း ဝတ္ထုတိုခွဲလေး ( ၄ ) ပုဒ် ရှိနေသေးတယ်။ အိပ်မက်ဖမ်းမုဆိုး၊ ဓားသွားနှင့် တူသော မိန်းမ၊ အာဏာပါးကွက်သားနှင့် တူသော မိန်းမ၊ အိပ်မက်မျှားတဲ့ကမ်းပါး … ဒါတွေကို တစ်ပုဒ်ချင်းစီဖတ်၊ စာဖတ်သူရင်ထဲမှာ ရသတစ်စုံတစ်ရာ ကျန်ခဲ့လိမ့်မယ်။ နောက်တစ်ပုဒ် ဆက်ပြီးဖတ်၊ မတူညီတဲ့ ရသကို ခံစားမိလိမ့်မယ်။ “ဝတ္ထုတို အကုန်လုံး ဖတ်ပြီးသွားတဲ့အခါမှာတော့ စာဖတ်သူရဲ့ အတွေးအမြင် ကမ်းပါးကို ရသလှိုင်းလုံးတွေ လာရောက် ရိုက်ခတ်သံကို ကြားရမှာ အသေအချာပါပဲ” ….. ။