သမိုင်းဝင် သမိုင်းတွင်ကျန်ရစ်စေမည့် ခေတ်အဆက်ဆက်သူတို့ ဘယ်လိုစကားတွေ ပြောခဲ့ကြသလဲ

နန္ဒာမိုးကြယ်

700 Kyats ကျပ်
လူမျိုးတိုင်းမှာ ဘာသာစကားကိုယ်စီ ရှိကြပါတယ်။ ဘာသာစကားနဲ့ပဲ တစ်ဦးနဲ့ တစ်ဦး ကူးလူးဆက်ဆံကြရတယ် မဟုတ်လားခင်ဗျ။ ဒီနေရာမှာ စကားဆိုတာ ပြောတတ်ဆိုတတ်မှ “ထွင်းဖောက်လိုရာ ပြီးမြောက်စွာ” ဖြစ်ရပါတယ်။ မြန်မာစကားရပ်မှာ “အပြောမတတ်က … ဆဲသလို” ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ စကား … စကား ပြောပါများရင် စကားထဲက ဇာတိပြတတ်ကြပါတယ်။ စကားတစ်ခွန်းကြောင့် ငြိမ်းချမ်းရေးရသလို၊ စစ်မက်တွေလည်း ဖြစ်ပွားတတ်ပါတယ်။ “နှုတ်ကြောင့်ကြေ၊ လက်ကြောင့်သေ” ဆိုတဲ့ စကားလည်း ရှိတယ်လေ။ ဆိုရရင်တော့ ခေတ်အဆက်ဆက် လူတွေ စကားပြောခဲ့ကြတယ်။ သူတို့ ပြောတဲ့ စကားတွေဟာ သမိုင်းဝင်တာလည်း ရှိ၊ သမိုင်းမဝင်တာလည်း ရှိ။ သမိုင်းတွင်တာလည်း ရှိ၊ သမိုင်းမတွင်တာလည်းရှိ။ ဒီတော့ သမိုင်းစဉ်အဆက်ဆက်မှာ အရေးပါထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်အသီးသီး ပြောဆိုခဲ့ကြတဲ့ စကားတွေကို မှတ်တမ်းမှတ်ရာများကနေတစ်ဆင့် ကျွန်တော်တို့ သိကြရပါတယ်။ ဒီအခါ ဒီစကားတွေထဲကနေ အားကျအတုယူစရာတွေလည်း တွေ့ရသလို၊ ဆင်ခြင်သံဝေဂ ယူစရာတွေလည်း မြင်ရနိုင်ပါတယ်။ စကားထွက်ပေါ်လာတဲ့ နှုတ်ခံတွင်းဟာ လက်လေးသစ်မျှသာရှိတာမို့ ချစ်စေလိုလျှင်လည်း ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလျှင်လည်း ခံတွင်းလက်လေးသစ်လို့ ဆိုကြပြန်ပါတယ်။ ဒီစာအုပ်မှာ ဆရာနန္ဒာမိုးကြယ်က စာနယ်ဇင်းအသီးသီးမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ စကားဆိုင်ရာ ဆောင်းပါးတွေကို စုစည်းပြီး လူတွေအတွက် စကားဆိုတာ 'နှုတ်ချို လျှိုတစ်ပါး' 'နှုတ်ကောင်းတော့ ပြည်စိုး' ဖြစ်ကြစေဖို့ စေတနာနဲ့ ကောက်နုတ်တင်ဆက်ထားတဲ့ ဗဟုသုတ၊ အတုယူစရာ၊ ရှောင်ကြဉ်စရာတွေကို ဖတ်ကြရမှာပါ။