ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့်လမင်း

နီကိုရဲ

800 Kyats ကျပ်
ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဆရာနီကိုရဲရဲ့ လုံးချင်းဝတ္ထုရှည်ကတော့ ဆရာရေးနေကျ ဟာသဆန်ဆန်မျိုး မဟုတ်ဘဲ လူငယ်ဆန်တဲ့ အချစ်ခံစားမှု ဝတ္ထုတစ်ပုဒ်ပါ။ ဘယ်လိုဝတ္ထုမျိုးလဲ ဆိုရင် ဆရာနီကိုရဲရဲ့ ဘဝအမြင်၊ အောက်ခြေလူတန်းစား ပြည်သူလူထုထဲက လူငယ်တွေရဲ့ နှလုံးသားခံစားမှုတွေကို ရင်ခုန်စရာ၊ ကြည်နူးစရာ၊ ပြုံးပျော်စရာ၊ ဝမ်းနည်းစရာ၊ လွမ်းမောစရာ၊ နာကျင်စရာ၊ ခံပြင်းစရာ … စတဲ့ စတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဝတ္ထုတစ်ပုဒ်ပါပဲ။ ပြီးတော့ ချစ်စရာလည်း ကောင်း၊ ဖတ်လို့လည်းကောင်းတဲ့ ဇာတ်လမ်းမျိုးလေးပေါ့။ ဆရာနီကိုရဲ ရေးခဲ့တဲ့ လုံးချင်းဝတ္ထုတွေထဲမှာ ဒီဝတ္ထုကလည်း လူငယ်တွေအကြားမှာ နာမည်ကြီးခဲ့တာပါပဲ။ သာယာလှပတဲ့ မနက်ခင်းတစ်ခုမှာ သားဦးဆိုတဲ့ လူငယ်တစ်ယောက် အိပ်မက်မက်နေရာကနေ လန့်နိုးလာတယ်။ သားဦးဟာ အိပ်ရာက မထသေးဘဲ မက်ခဲ့တဲ့ အိပ်မက်အကြောင်း ပက်လက်လှန်ရင်း စဉ်းစားနေခဲ့တယ်။ သူ့ အိပ်မက်က စစ်ပွဲတစ်ပွဲ။ ပထမကမ္ဘာစစ်နောက်ခံ စစ်ပွဲတစ်ပွဲမှာ သူကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ရတဲ့ အိပ်မက်ကို မက်ခဲ့တာ။ သားဦးဟာ အတွေးတွေ လွန်တတ်တဲ့ လူငယ်။ အိပ်မက်တွေကို မွေ့လျော်တဲ့ လူငယ်။ စိတ်ကူးယဉ်ဆန်သလို တွေးမိတဲ့အတွေးနောက် လိုက်ပြီး စိတ်ထဲပေါ်ရာ လျှောက်လုပ်တတ်တဲ့ လူငယ်မျိုးပဲ။ ဒီလို အတွေးကို အကောင်အထည်ဖော်တတ်တဲ့ သားဦးဟာ မြင့်မျိုးမြတ်ဆိုတဲ့ ဆရာမလှလှလေးနဲ့ ပတ်သက်ရင်ခုန်လာတဲ့အခါမှာ သူထင်ရာအတွေးတွေအတိုင်း ဘယ်လို အကောင်အထည်ဖော်ပြီး လျှောက်လုပ်ရင်းက ကမောက်ကမတွေ ဖြစ်လာမလဲဆိုတာကို လူငယ်ဆန်ဆန် ဝတ္ထုရှည်တစ်ပုဒ်အဖြစ် ခံစားရင်ခုန်ကြည့်ရအောင်လားဗျာ။