နတ်ဆိုးတစ်ကောင်နဲ့ ရင်လွဲသူ

နီကိုရဲ

800 Kyats ကျပ်
‘ခင်ဗျားအချစ်ထက် ခင်ဗျားအခြေအနေ၊ ပတ်ဝန်းကျင်ရပ်တည်မှုနဲ့ လူတွေရဲ့ သဘောထားက ပိုအရေးကြီးနေမှာ အမှန်ပဲ။ စောင်းအိုလုလင်က ဘုရင့်သမီးကို ကြိုက်တာမျိုးကျတော့ လူတွေက စောင်းအိုလုလင်ဘက်က ရှိတယ်။ Company သူဌေးနဲ့ စာရေးမလေး ကြိုက်တာမျိုးကျတော့ လူတွေက စာရေးမလေးဘက်မှာ ရှိပြန်ရော’ ဆိုတဲ့ မိုးဆွေရဲ့ ဒဿန။ တကယ်တော့ မိုးဆွေက သိပ်တွေးတတ်တဲ့သူ။ ပြီးတော့ သူ့ကိုယ်သူ မရိုးသားသူလို့လည်း ထင်တယ်။ ဘာလို့ထင်ရသလဲဆိုတော့ကာ တစ်နှစ်လောက် ခင်မင်ခဲ့တဲ့ သူငယ်ချင်းမလေးကို ချစ်မိသွားလို့ပဲ။ ချစ်မိပြီလို့ ကိုယ့်ကိုယ်ကိုယ် သိတဲ့နေ့မှာတင် မရိုးသားသူပဲလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပစ်လိုက်တဲ့သူ။ ကောင်မလေး နာမည်က လမင်းတဲ့။ မိုးဆွေနဲ့ လမင်း စခင်တာကတော့ တက္ကသိုလ် ကင်န်တင်းမှာ။ သူငယ်ချင်းတွေ မိတ်ဆက်ပေးလို့ ခင်တယ်ဆိုတဲ့ ခပ်ရိုးရိုး အဖြစ်အပျက်ပါပဲ။ အဲဒီနေ့က လမင်းကို စတွေ့တွေ့ချင်းမှာ မိုးဆွေ ရင်ခုန်သွားတယ်။ သူ့ရဲ့ ရင်ခုန်မှုက ဥမ္မာဒန္တီကို မြင်မြင်ချင်းဖြစ်သွားတဲ့ သိဝိမင်းထက် နည်းနည်းလေးပဲ လျော့တယ်လို့ မိုးဆွေ ထင်တယ်။ အဲဒီရင်ခုန်မှုကလည်း မိုးဆွေရဲ့ဘဝမှာ ပထမဆုံး ရင်ခုန်မှုပဲ။ အသက် (၂၁) နှစ်အရွယ် လူပျိုလေးရဲ့ အပြင်းထန်ဆုံး ရင်ခုန်သံပဲ။ တွေ့တုန်းက ရင်ခုန်ပေမဲ့ ချစ်မချစ်တော့ မသေချာသေးဘူး။ တစ်နှစ်လောက် ကြာတော့မှ သူ လမင်းကို ချစ်မှန်း သေချာသွားတယ်။ ဒါနဲ့ပဲ မိုးဆွေတစ်ယောက် လမင်းရဲ့ အချစ်ကို ရဖို့ ကြိုးစားပါတော့တယ်။ ဒီလောက်ပြောလိုက်ရုံနဲ့ ဒီဇာတ်လမ်းက မဲပြာပုဆိုး ရိုးရိုးကြီးပါလားလို့တော့ မထင်လိုက်နဲ့ ကိုယ့်ဆရာတို့ရေ။ ဒီဝတ္ထုကို ရေးတာက ဆရာနီကိုရဲ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ တက္ကသိုလ်နယ်မြေက အချစ်ပုံပြင်ဆိုတာ ဘာမှ ထူးဆန်းတဲ့ဖြစ်ရပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းလေးကိုပဲ ဆရာနီကိုရဲက ဘယ်လို စိတ်ဝင်စားစရာတွေနဲ့ တန်ဆာဆင် ရေးပြသွားမလဲဆိုတာ ကိုယ့်ဆရာတို့ ဖတ်ကြည့်မှပဲ သိလိမ့်မယ်။ မကောင်းမှာတော့ နည်းနည်းမှ မပူနဲ့။ ဆရာနီကိုရဲစကားနဲ့ ပြောရရင်တော့ ဒီဇာတ်လမ်း ကောင်းမကောင်းဆိုတာ ကိုယ့်ဆရာတို့နဲ့ တစ်သန်းကြေးတောင် လောင်းရဲသေးတယ်။