ကျွန်မ၏ ပြား

နီကိုရဲ

800 Kyats ကျပ်
(၁၉၉၉) ခုနှစ်လောက်က မဟေသီမဂ္ဂဇင်းမှာ ဆရာနီကိုရဲ ရေးခဲ့တဲ့ မဂ္ဂဇင်းဝတ္ထုရှည်တစ်ပုဒ်။ခေါင်းစဉ်ကို ဖတ်ပြီး အူလည်လည် ဖြစ်သွားမယ် ထင်ပါရဲ့။ ‘ကျွန်မ၏ ပြား’ တဲ့။ စာအုပ်ခေါင်းစဉ်က ဘယ်လိုနာမည်ကြီးလဲပေါ့။ ကျွန်တော်လည်း စဖတ်ခါစတုန်းကအဲဒီလိုပဲ အူကြောင်ကြောင် ဖြစ်သွားမိတယ်။ ဆရာနီကိုရဲက ဘာကိုဆိုလိုချင်တာလဲပေါ့။ ပြီးမှဖတ်ရင်းဖတ်ရင်း ဇာတ်ရည်လည်သွားတော့တာ။ ဖတ်ရင်းလည်း ပြုံးစေ့စေ့ဖြစ်လိုက်၊ တစ်ယောက်တည်းတခွိခွိရယ်မိလိုက်နဲ့ ဒီလိုအကြောင်းအရာမျိုးကို လှပပြီး ချစ်စရာကောင်းအောင်၊ ကြည်နူးစရာကောင်းအောင်၊စိတ်ဝင်စားစရာကောင်းအောင်၊ စာဖတ်သူ သဘောကျ ပြုံးပျော်ပြီး စိတ်ချမ်းသာသွားအောင် ရေးတတ်လိုက်တာလို့ဆရာနီကိုရဲကို စိတ်ထဲကနေ တလေးတစား ချီးကျူးမိတော့တယ်။ ဟုတ်ပါတယ်။ ဆရာနီကိုရဲကသာမန် ဘာမဟုတ်တဲ့ အကြောင်းအရာလေး တစ်ခုကို ဇာတ်လမ်းရဲ့ အသက်အဖြစ်ထားပြီး ဇာတ်ကွက်ဆင်ရေးတတ်တဲ့ စာရေးဆရာလေ။ ဒီတစ်ခါမှာလည်း လူတွေရဲ့ ခေါ်စရာ ‘နာမည်သညာ’ ကို ဇာတ်လမ်းရဲ့အသက်အဖြစ် ပုံဖော်ထားပြန်ပါရဲ့။ နာမည် … လူတိုင်းမှာ နာမည်တစ်ခုစီတော့ရှိကြတယ်မဟုတ်လား။ တချို့ဆို နာမည်က နှစ်မျိုးသုံးမျိုး ရှိကြတယ်။ အိမ်အခေါ်နာမည်၊ နာမည်ပြောင်၊နာမည်အဟောင်း၊ နာမည်အရင်း၊ စသဖြင့် ရှိကြတယ်ဆိုပါတော့။ အဲဒီ … နာမည်ဆိုတာက တချို့လူတွေအတွက်ခေါ်စရာ ပညတ်ချက်တစ်ခုသာ ဖြစ်ပေမဲ့ တချို့လူတွေအတွက်တော့ ဒီနာမည်က ဘဝတစ်ခုလုံးနဲ့ ဆိုင်လောက်တဲ့အထိအရေးပါပါတယ်။အထူးသဖြင့် ဒီဇာတ်လမ်းထဲက မအုန်းကြည်အတွက်ပေါ့။ မအုန်းကြည်ဆိုတဲ့နာမည်ဟာ မအုန်းကြည်ရဲ့ ဘဝအတွက် သူများနာမည်တွေထက်ပိုတဲ့ အရေးပါမှု ဖြစ်ခဲ့တယ်။ မအုန်းကြည်အတွက်ကတော့သူ့နာမည်က အတော်လေး စိတ်ဆင်းရဲစရာ နာမည်မျိုးပါပဲ။ မအုန်းကြည်ရဲ့ အမေတို့ အဘွားတို့ခေတ်ကဆိုရင်တော့ မအုန်းကြည်ဆိုတဲ့ နာမည်က ဆန်းချင် ဆန်းနေနိုင်ပေမဲ့ မအုန်းကြည်တို့ခေတ်မှာတော့မအုန်းကြည်ဆိုတဲ့ နာမည်က အတောလေးကို စိတ်ကသိကအောက်ဖြစ်စရာ နာမည်မျိုး။ အပျိုပေါက်အရွယ် ရောက်လာချိန်မှာ မအုန်းကြည်အတွက် မအုန်းကြည်ဆိုတဲ့နာမည်က မကြားဝံ့မနာသာ ရွံစရာနာမည်မျိုးကြီး ဖြစ်လာခဲ့ပါတော့တယ်။ မအုန်းကြည်ရဲ့ ဘဝတစ်ခုလုံးမှာ မအုန်းကြည်ဆိုတဲ့ နာမည်က ဒုက္ခပေးလာလိုက်တာ၊တက္ကသိုလ်ရောက်တဲ့အထိ။ ချစ်သူထားဖို့၊ ရင်ခုန်ဖို့ ကဏ္ဍမျိုး အထိ။ မင်္ဂလာဆောင်တဲ့အထိ။ နောက်ဆုံးသေရင်တောင် ဒေါ်အုန်းကြည် (အသက် - ) ဘယ်လောက် ဆိုတာမျိုးအထိ ဒုက္ခပေးနေဦးမှာလို့ မအုန်းကြည်ယူဆတယ်ဗျ။ အဲဒီလို မအုန်းကြည်ရဲ့ ဘဝကို တစ်လျှောက်လုံး ဒုက္ခပေးလာတဲ့ ဒီနာမည်ရဲ့တရားခံက ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မအုန်းကြည်ရဲ့ အဘိုး ဦးပဉ္ဇင်း။ မအုန်းကြည်က မအုန်းကြည်ဆိုတဲ့နာမည်ကို မုန်းတယ်။ ဒီနာမည် ပေးခဲ့တဲ့ တမလွန်က အဘိုးဖြစ်သူကိုပါ မုန်းတယ်။ မအုန်းကြည်ဟာဒီနာမည်ကို ဘယ်လောက်မုန်းသလဲ၊ ရွံသလဲ၊ ဒီနာမည်ကြောင့် မအုန်းကြည်ရဲ့ဘဝက ဘယ်လောက်အထိစိတ်ဆင်းရဲရ၊ ဒုက္ခရောက်ရသလဲဆိုတာကိုတော့ ဒီစာအုပ်မှာ ဖတ်ကြည့်ပါ မိတ်ဆွေလို့ပဲ လက်တို့ချင်ပါတယ်။ဟာသရသကို အပြည့်အဝ ခံစားရမယ့် ဆရာနီကိုရဲရဲ့ လှပတဲ့ အချစ်ဟာသ ဘဝရသ ဝတ္ထုတစ်ပုဒ်ပါ။ လုံးဝကြိုက်စေရမယ်လို့ အာမခံပါတယ်ဗျာ။