ပျံလေသည့်ငှက်ခါး

နတ်နွယ်

900 Kyats ကျပ်
သမိုင်းကြောင်းမှာ တခုတ်တရ ဖြစ်နေစေခဲ့တာကတော့ ဟစ်တလာနဲ့ သူ့အပေါင်းအပါ လူယုံများပြီးတော့ နာဇီပါတီတို့ပဲ ဖြစ်ပါတယ်။ ဟစ်တလာ သေဆုံးသွားပြီးနောက် သမိုင်းတရားခံတွေဖြစ်တဲ့ သူ့လက်ပါးစေ လူယုံတော်တော်များများဟာ အသက်ရှင်သန် လွတ်မြောက်သွားခဲ့ပါတယ်။ ဟစ်တလာရဲ့ လက်ပါးစေကြီးတစ်ဦးဖြစ်တဲ့ ဂိုရင်းကို နျူရင်ဘတ်ခုံရုံးမှာ စစ်ဆေးစဉ် ပျောက်ဆုံးနေတဲ့ သမိုင်းတရားခံတွေထဲက လူတစ်ဦးနဲ့ပတ်သက်ပြီး သူဘယ်မှာလဲလို့ မေးတဲ့အခါ ဂိုရင်းက တစ်ခွန်းထဲ ပြန်ပြောပါတယ်။ “ငရဲမှာ ဆီပူထိုးနေတယ်” တဲ့။ ဂိုးရင်းအနေနဲ့ အဲဒီလို ပြောတာဟာ မလွန်ပါဘူး။ အဲဒီလူဟာ ဂျူးလူမျိုးသန်းပေါင်းများစွာ သေဆုံးရခြင်းရဲ့ အကြီးမားဆုံး တရားခံတစ်ဦးဖြစ်တဲ့ မာတင်ဘိုးမန်းပါပဲ။ သူဟာ ဟစ်တလာလိုလူမျိုးက အတွင်းရေးမှူးအဖြစ်ရော၊ နာဇီပါတီ ဌာနချုပ်မှူးအဖြစ်ပါ ယုံကြည်စွာ တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရသူပါ။ ဒီတော့ ဂျာမနီရဲ့ ဒုတိယအဓိပတိလို့တောင် ဆိုရမှာဖြစ်သလို ဂျူးလူမျိုးသန်းပေါင်းများစွာ သေဆုံးရခြင်းအပါအဝင် သမိုင်းအဖြစ်ဆိုးအတော်များများဟာ သူ့နှုတ်ဖျားက ထွက်ပေါ်တဲ့ အမိန့်အာဏာနဲ့ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီလောက် အာဏာကြီးမားပေမယ့် သူ့ကို တွေ့မြင်ဖူးသူဟာ အင်မတန်ရှားပါးပါတယ်။ သူ့ပုံပန်းသဏ္ဌာန်ဆိုတာလည်း မှတ်တမ်းမှတ်ရာ မရှိခဲ့ပါဘူး။ ဘိုမန်းနဲ့ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ သိခဲ့ကြတာက သူဟာ နာဇီပါတီဌာနချုပ် ကျဆုံးချိန်အထိ ဌာနချုပ်မှာ ရှိနေခဲ့ပြီးနောက် ဘာလင်မြို့အတွင်းက ထွက်ပြေးရာမှာ ပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးခဲ့ရတယ် ဆိုတာပါပဲ။ ဒါပေမယ့် အစ္စရေး အဖွဲ့တွေက နာဇီ သမိုင်းတရားခံကြီးတစ်ဦး ဖြစ်တဲ့ အိုက်ခမန်းကို ဖမ်းမိစစ်ဆေးတဲ့ အချိန်မှာတော့ ဘိုမန်းဟာ အသက်ရှင်သန်လျက် ကမ္ဘာရဲ့ တစ်နေရာမှာ ရှင်သန်နေဆဲဆိုတာ သိလိုက်ရပါတယ်။ အိုက်ခမန်းလိုလူတောင် အစ္စရေးအဖွဲ့တွေဟာ တကယ့်ကို စွန့်စွန့်စားစားဖမ်းဆီးခဲ့ရတာပါ။ အခုဆရာနတ်နွယ် ဘာသာပြန်ထားတဲ့ ဟယ်ရီပက်တာဆင် (သို့မဟုတ်) ဂျက်ဟစ်ဂင်ရဲ့ ပျံလေသည့်ငှက်ခါးမှာ အဲဒီ နာဇီသမိုင်းတရားခံကြီး ဘိုမန်းနဲ့ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ဖြစ်ပေါ်လာတဲ့ ဘိုမန်း တကယ်သေမသေ၊ ဘိုမန်းကို ဖမ်းဆီးနိုင်ခြင်း ရှိ၊ မရှိ စတဲ့ ဖြစ်စဉ်ကြီးကို စိတ်ဝင်စားဖွယ် တွေ့ရှိရမှာပါ။