ကြောင်မျက်ရှင်နှင့် အခြားဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဆရာဒဂုန်ရွှေမျှားရဲ့ စာအုပ်ကတော့ ပင်ကိုရေး ရသစုံ ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ‘ကြောင်မျက်ရှင် နှင့် အခြားဝတ္ထုတိုများ’ စာအုပ်ပဲ ဖြစ်ပါတယ်။ စာချစ်သူတို့အနေနဲ့ ကြောင်မျက်ရှင် ဆိုတဲ့ စကားအသုံးအနှုန်းနဲ့ အဓိပ္ပာယ်ကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့ မြန်မာရာဇဝင်၊ ဒဏ္ဍာရီပုံပြင်၊ စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာ ‘ကြောင်မျက်ရှင်’ ဟာ အတော်ခေတ်စားခဲ့တဲ့ အစွမ်းထက် သိဒ္ဓိဝင်အဆောင်တစ်မျိုးပဲ မဟုတ်လား။ ဒီဘက်ခေတ်စကားနဲ့ ပြောရရင်တော့ ကြောင်မျက်ရှင်ကို အောင်ထားတဲ့သူက Super Hero တစ်ယောက်ပဲပေါ့။ ကြောင်မျက်ရှင်ကို နက္ခတ်ကိုက်ညီချိန်မှာ စီရင်ပြီး ဆေးစွမ်းပြလာခဲ့ရင်တော့ အဲဒီသူဟာ စွမ်းသထက်စွမ်းတဲ့ လူစွမ်းကောင်းတစ်ယောက် ဖြစ်ပြီပဲလေ။ မြန်မာရာဇဝင်မှာ စာတင်ထင်ရှားတဲ့ လူစွမ်းကောင်းသူခိုးကျော်ကြီး ငတက်ပြားဆိုတာလည်း ကြောင်မျက်ရှင်အစွမ်းနဲ့ ကြမ်းခဲ့သူပဲ မဟုတ်ပါလား။ ဒါ့အပြင် ကက်ဆက်ဇာတ်လမ်းခေတ်မှာလည်း ‘ကြောင်မျက်ရှင်စိန်စိန်’ ဆိုတာ တကယ့်ကို ကျော်ကြားခဲ့တဲ့ အမျိုးသမီး စွမ်းအားရှင်ပေါ့။ အခု စာချစ်သူတို့ ဖတ်ကြရမယ့် ဆရာဒဂုန်ရွှေမျှားရဲ့ ကြောင်မျက်ရှင်ကတော့ စာချစ်သူတို့ ကြားဖူးနေကျ ဇာတ်လမ်းတွေ၊ သမိုင်းတွေထဲက မဟုတ်ဘဲ ဆရာဒဂုန်ရွှေမျှားရဲ့ စိတ်ကူးယဉ်ဖန်တီးမှု ထူးခြားဆန်းကြယ် ဝတ္ထုတစ်ပုဒ်ပါပဲ။ အင်းဝခေတ်နဲ့ ရှမ်းစော်ဘွားမျိုးနွယ်တွေကို နောက်ခံထားလို့ ထူးထူးခြားခြား အချစ်နဲ့ စွန့်စားခန်းတွေ ရောမွှေဖန်တီးထားတဲ့ ကြောင်မျက်ရှင်ဝတ္ထုအပါအဝင် … လူပေါ်လူဇော်၊ လူပါးပုလင်းထိသည်၊ ချစ်တီးလိမ်ကို ကလဲ့စားချေခြင်း၊ လက်မလိမ်နှင့် ချစ်တီးကို အနိုင်ယူခြင်း၊ ငယ်ချစ်၊ ရတနာကျောက်စီဓားမြှောင်၊ စကားပြောသော လူရိုး … စတဲ့ ဝတ္ထုတိုတွေကိုလည်း အရသာရှိရှိ ဖတ်ရှုကြရမှာပါ။