ဝိညာဉ်လောက

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
‘လူတစ်ယောက်၏ အကြောင်းကိုရေးလျှင် သူ၏ ပတ်ဝန်းကျင်ပါ ရေးရပေမည်။ သို့မှလည်း သူ၏အတ္ထုပ္ပတ္တိ ပြည့်စုံမည်။ လူသားများသည် တစ်ယောက်တည်း နေကြသူများ မဟုတ်ဘဲ မိမိအသိုင်းအဝိုင်းဖြင့် နေကြသူများ ဖြစ်၍ သူ့အကြောင်းကို ရေးလျှင် သူ အသိုင်းအဝိုင်း ပါမှသာ သူ၏အတ္ထုပ္ပတ္တိ ပြည့်စုံပေမည်’ … ဆိုတဲ့ စာပေခံယူချက်နဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ မှီငြမ်း စာပေလက်ရာများစွာကို ဖန်တီးခဲ့တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ နောက်ထပ် ဝတ္ထုတိုစုစည်းမှု စာအုပ်တစ်အုပ်။ ဒီစာအုပ်မှာ ပရဆန်းကြယ် ဝိညာဉ်လောကနောက်ခံ ဝတ္ထုတို (၁၃) ပုဒ်တိတိ ပါဝင်ပြီး တစ်ပုဒ်နဲ့တစ်ပုဒ် မတူညီတဲ့ တင်ပြပုံ၊ ကွဲပြားခြားနားသလို ထူးခြားတဲ့ ဇာတ်လမ်းတွေကို ဖတ်ကြရမှာပါ။ ဒီစာအုပ်ကို ဆရာဒဂုန်ရွှေမျှား ရေးဖြစ်ခဲ့ပုံကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထုတ်ဝေသူတစ်ဦးက တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ဝတ္ထုပေါင်းချုပ် တစ်အုပ်ကို ရေးသားပေးဖို့ အပူကပ်တာကြောင့် ဆရာဒဂုန်ရွှေမျှားဟာ ပရလောကနဲ့ ပတ်သက်တဲ့ လျှို့ဝှက်နက်နဲမှုတွေကို မြန်မာပြည်အနှံ့ လှည့်လည်သွားလာပြီး ကုန်ကြမ်းရှာဖွေပြီးမှ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းမညီညွတ်တာကြောင့် မထုတ်ဝေဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆရာဒဂုန်ရွှေမျှားဟာ ဒီဝတ္ထုမှတ်တမ်းတွေကို ဘယ်မဂ္ဂဇင်း၊ ဘယ်စာစောင်ကိုမှ ပုံနှိပ်ဖို့ မပေးဘဲ သိမ်းထားခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော် ကြာတဲ့အခါမှသာ ထုတ်ဝေဖြစ်ခဲ့တဲ့ ထူးထူးခြားခြား လက်ရာတွေပါ။ ကဲ … ဆရာဒဂုန်ရွှေမျှားရဲ့ မြန်မာပြည်အနှံ့ လှည့်လည်ရှာဖွေပြီးမှ ရေးသားဖြစ်ခဲ့တဲ့ အားထုတ်မှုလက်ရာကောင်း ပရဆန်းကြယ် ဝတ္ထုတွေကို အရသာရှိရှိ ခံစားကြည့်ရအောင်နော်။