မနှင်းဆီနှင့် ထူးဆန်းသောအချစ်ဝတ္ထုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
လောကမှာရှိတဲ့ ထူးပေ့ ဆန်းပေ့ ဆိုတဲ့ အရာတွေထဲမှာမှ အချစ် ဆိုတဲ့အရာကလည်း ထူးသထက် ထူး၊ ဆန်းသထက် ဆန်းတဲ့ ကိစ္စတစ်ခုအဖြစ် ပါဝင်တယ် မဟုတ်လားခင်ဗျာ။ အချစ်က ဘယ်လောက် ထူးဆန်းသလဲ ဆိုရင် အခုထိကို အချစ်က ဘာဆိုတာ၊ ဘယ်သူမှ တိတိကျကျ အဖြေမထုတ်နိုင်ကြသေးဘူးလေ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို၊ လူတွေက မိမိတို့ တွေ့ကြုံ ဖြစ်ပျက် ခံစားခဲ့ရတဲ့ အခြေအနေပေါ် မူတည်ပြီး အချစ်ကို အမျိုးမျိုး ကိုယ်ထင်ရာ ကိုယ်နားလည်သလို အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ် မဟုတ်ပါလား။ အချစ်အကြောင်းကို သီချင်းတွေ ရေးဖွဲ့သီဆိုကြ၊ ကဗျာတွေ သီကုံးစပ်ဆိုကြ၊ ဇာတ်လမ်းတွေ အမျိုးမျိုးဆင်ပြီး ဝတ္ထုအသွင်တစ်မျိုး၊ ပြဇာတ်အသွင်တစ်ဖုံ၊ ရုပ်ရှင်အသွင်တစ်ဖြစ်နဲ့ ဖန်တီးပုံဖော်ခဲ့ကြတာလည်း ခေတ်အဆက်ဆက် မပြီးနိုင် မဆုံးနိုင်ပါပဲ။ အချစ်ဝတ္ထုထဲမှာမှ သာမန် ချစ်ကြိုက်ညားကွဲ အချစ် အဖြစ်မျိုးမဟုတ်ဘဲ ထူးခြား ဆန်းပြားတဲ့ အချစ်ဇာတ်လမ်းမျိုးကိုမှ ဖတ်ချင်သူတွေအတွက် ဆရာဒဂုန်ရွှေမျှားရဲ့ ‘မနှင်းဆီနှင့် ထူးဆန်းသော အချစ်ဝတ္ထုများ’ စာအုပ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဆရာဒဂုန်ရွှေမျှားရဲ့ ဟန်အတိုင်း ဖြစ်ရပ်ဆန်းကြယ်တွေနဲ့ ရောပြွန်းပြီး အချစ်ဇာတ်လမ်း ဆန်းဆန်းလေးတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူကွဲပြားတဲ့ တင်ပြပုံ၊ ဇာတ်အိမ်ဇာတ်ကွက်၊ ဇာတ်လမ်းအလှည့်အပြောင်းတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ လောကမှာ လူသားတိုင်းနဲ့ မကင်းနိုင်သလို၊ လူတိုင်း စိတ်ဝင်စားကြရတဲ့၊ အချစ်အကြောင်း ဆရာဒဂုန်ရွှေမျှားက ဘယ်လို ဇာတ်ကြောင်းတွေနဲ့ ဖန်တီးထားသလဲ ဆိုတာကို ဒီစာအုပ်မှာ ခံစားကြည့်ကြပါဦး။