အဆင့်မြင့်ရည်းစားစကား

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
စာမြည်း ။ ။ တစ်သက်လုံး ချစ်သူရည်းစား မထားခဲ့ဖူးတဲ့ ကေ၊ ယောက်ျားတွေကို သိပ်စိတ်ဝင်စားလေ့ မရှိသော ကေ၊ အဲဒီကေဟာ တကယ်ပဲ သူ့ထက် ဆယ်နှစ်ငယ်ရွယ်တဲ့ ကောင်လေးနဲ့ ချစ်ကြိုက်နေပြီတဲ့လား။ ဒီအတွေးအကြောင့် ကျိုင်းပင်လျှင် စိတ်ရှုပ်ထွေး နောက်ကျိသွားရလေသည်။ “ကျိုင်းကို သေချာပြောပြပေးပါဦး အော့ကစ်ရယ်၊ တကယ်ပဲလား၊ ဘယ်သူလဲ ... ဘယ်ကလဲ … ဘယ်အချိန်က စဖြစ်တာလဲ … ကေ့ထက် ဆယ်နှစ်ငယ်တယ်ဆိုတော့ ကျိုင်းထက် နှစ်နှစ်ပဲကြီးတဲ့ လူတစ်ယောက်ပေါ့၊ အမယ်လေး … ကျိုင်းရဲ့ သူငယ်ချင်းလောက်ပဲ ရှိတာပါလား၊ ဘုရား … လား … လား …” ကျိုင်းရဲ့ တအံ့တသြနှင့် လက်ဖျားတခါခါ ရေရွှတ်ပုံကို အော့ကစ်က သူ့လိုပဲ မခံမရပ်နိုင်သူတစ်ဦး ရှိနေပါလား ဟူသော စိတ်မျိုးဖြင့် မျက်လုံးတွေက တလက်လက် စူးရှကာ လူကပါ တောင့်မတ်၍ လာသည်။ စတွေ့တုန်းက ပုံစံနဲ့ကို မတူတော့ပေ။ အော့ကစ်ရဲ့ ပုံစံသည် အခုမှ အားရပါးရ ပြောတော့မည့် ပုံစံမျိုးဖြင့် … “အော့ကစ် သိတာတော့ သုံးလလောက်ပဲ ရှိသေးတယ်၊ သူတို့ချင်း တွေ့တာတော့ တစ်နှစ်လောက် ရှိပြီလို့ ကြားတာပဲ၊ ကောင်လေးနာမည်က နယုန်မိုးတဲ့” “နယုန်မိုး …. နာမည့်နှဝ်” ကျိုင်းရဲ့ မျက်ခုံးကြုတ်ကြုတ် အပြောကို အော့ကစ်က နှုတ်ခမ်းတစ်ချက် မဲ့ပြရင်းမှ … “နာမည်ကလည်း ဆန်းသလို လူကလည်း ခပ်ဆန်းဆန်းပဲ၊ တကယ့်ကို ကြော့လို့ မော့လို့၊ မော်ဒယ် လုပ်လို့ရတယ်”