လူမဟုတ္သည့္ခ်စ္သူ

စိမ်းလဲ့ဖြူ

200 Kyats ကျပ်
"စာရေးသူ၏ အမှာစာ" ကျွန်မသည် ဤဝတ္ထုကို အခန်းများစွာဖြင့် ရေးချင်သော်လည်း ပဒုတ (၃)ပိုင်းဖြင့်သာ ဇာတ်သိမ်းခဲ့ရသည်။ အကြောင်းမူကား ကာယကံရှင် ထိုကောင်မလေးသည် ထိုအကြောင်းအရာကို ဤမျှလောက်သာ ပြောပြခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် သူ့ပြောပြချက် တစ်ဝက်တစ်ပျက်ကိုသာ ဖြစ်ရပ်မှန် ရေးသားခဲ့၍ ဇာတ်သိမ်းကိုတော့ ကျွန်မ၏ စိတ်ကူးဉာဏ်ဖြင့် ထပ်မံဖြည့်စွက်ကာဖြင့် အဆုံးသတ် ပေးလိုက်မိသည်။ >>> (၆)ရက် (၄)လ (၂၀၁၉)ခုနှစ်တွင် ထိုကောင်မလေးသည် ထူးဆန်းသော ကောင်လေးတစ်ယောက်ကို အိပ်မက် မက်ခဲ့သည်ဟု ဆို၏။ အိပ်မက်သည် တွေးတတ်ရာရာ မြင်မက်တတ်သောကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် နေလိုက်မိသည်။ သို့ရာတွင် (၂၇)ရက် (၅)လ (၂၀၁၉)ခုနှစ်တွင် ထပ်မံ၍ပင် ထိုကောင်လေးကို အိပ်မက်မက်ပြန်၏။ ထို့ကြောင့် ထိုအိပ်မက်ကို သတိထားမိလာ၍ သူ၏ ဒိုင်ယာရီစာအုပ်ထဲတွင် ထိုအကြောင်းအရာများကို ရေးမှတ်ထားလိုက်သည်။ မည်သူမည်ဝါမှန်း မသိသော ထိုကောင်လေးနှင့် အိပ်မက်ထဲတွင် နှစ်ကြိမ် တွေ့ဆုံခဲ့သောကြောင့် ထပ်မံ တွေ့ဆုံချင်ပါသည်ဟု ဆိုလာ၏။ သို့သော် တစ်နှစ်ကြာမြင့်သည်အထိ ထိုကောင်လေးကို အိပ်မက်ထဲ၌ ထပ်မံဆုံတွေ့ခွင့် မရခဲ့ပါ။ ထို့ကြောင့် ကာယကံရှင် မိန်းကလေးလည်း ကောင်လေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို သဲထဲရေသွန် သကဲ့သို့ လုံးဝ မေ့ပျောက်သွားခဲ့သည်။ >>> (၂၄)ရက် (၉)လ (၂၀၂၀)ခုနှစ်တွင် အစွဲအလမ်းမရှိသော မေ့ပျောက်သွားခဲ့သော ထိုအိပ်မက်ကို ထပ်မံ မြင်မက်ခဲ့သည်။ ယခင်နှစ်က အိပ်မက်မျိုးနှင့်မတူ အလွန် ထူးခြားနေသောကြောင့် ထိုကောင်မလေးသည် လွန်စွာ ကြောက်လန့် သွေးပျက်ခဲ့၏။ မည်သည့်အလုပ်မျှ မလုပ်ရဲသည့်အပြင် အိပ်ရာဝင်လျှင်ပင် တစ်ဦးတည်း မအိပ်ဝံ့သောကြောင့် အဖော်ခေါ်အိပ်ရသည့် အဖြစ်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမူကား ထိုမိန်းကလေး ယခုမက်ခဲ့သည့် အိပ်မက်ထဲတွင် ထိုကောင်လေးသည် သရဲဘဝသို့ ရောက်ရှိနေကြောင်း သိခဲ့ရသောကြောင့် ဖြစ်၏။ အလွန်ထူးခြား ဆန်းပြားနေသော ထိုအိပ်မက်ကို သိရသောအခါ ကျွန်မသည် အလွန်စိတ်ဝင်စားမိသည်။ ထို့ကြောင့် ကာယကံရှင် မိန်းကလေးဆီမှ ခွင့်ပြုချက်ရသည်နှင့် ထိုအိပ်မက်ကို ဝတ္ထုရေးဖို့ရန် ကုန်ကြမ်း ရယူခဲ့၏။ သို့ရာတွင် မည်သည့် အကြောင်းအရာကို ဦးတည်ရေးရမည်လော။ ပထမနှင့် ဒုတိယသည် သာမန်ရိုးရိုး အိပ်မက်မျှသာ ဖြစ်နေသောကြောင့် နောက်ဆုံးမက်ခဲ့သော တမူထူးခြားသည့် တတိယအိပ်မက်ကိုသာ မြားဦးလှည့်လိုက်သည်။ >>> ကျွန်မသည် သရဲ တစ္ဆေ ဝိညာဉ်များကို သတ္တိကောင်းစွာဖြင့် အလွန်ကြောက်တတ်၏။ မည်မျှ ကြောက်တတ်သနည်း မေးလာလျှင် သရဲဇာတ်ကား ကြည့်ဖို့မပြောနှင့်။ သရဲဇာတ်ကားထဲမှ တီးလုံးသံ ခွေးအူသံ ကြားသည်ပင် မျက်စိမှိတ် နားပိတ်၍ အော်တတ်သည်။ ထို့ထက် ပိုကြောက်မိလျှင် အပြင်ပြေးထွက်သည့် အချိန်လည်း ရှိသေး၏။ အနည်းငယ် ကြည့်မိလျှင်ပင် တစ်ညလုံး အိပ်မပျော်၍ အိပ်ရာထဲတွင် ဇောချွေးပြန်၍ နံနက်လင်းသွားသည်အထိ ဖြစ်တတ်သည်။ ကံကောင်း ထောက်မစွာဖြင့် အိပ်ပျော်ခဲ့လျှင်လည်း ကြည့်လိုက်မိသော သရဲကားသည် အိပ်မက်ထဲသို့ ရောက်လာတတ်ပြန်၏။ ဤကဲ့သို့ ထူးချွန်ပြောင်မြောက်စွာ သတ္တိကောင်းမှုကြောင့် ကြောက်စရာကောင်းသော ဇာတ်ကားနှင့် ဝတ္ထုများဆီသို့ ခြေဦးမလှည့်ဖြစ်ပါ။ ထိုကြောက်စိတ်များကို ကျော်လွှား၍ အလွန်စိတ်ဝင်စားမိသော ဤဖြစ်ရပ်မှန်ကို ဝတ္ထုအဖြစ် ကြောက်ကြောက်နှင့်ပင် ပြန်လည်ရေးသားခဲ့သည်။ >>> ထိုအိပ်မက်ကို ဝတ္ထုရေးမည်ဟု ဆုံးဖြတ်လိုက်သော်လည်း ဝတ္ထုနာမည် အတွက် စဉ်းစားရ ခက်ခဲနေပြန်သည်။ ကျွန်မ၏ စာဖတ်ပရိသတ် အချို့သည်လည်း ဤကဲ့သို့ ဝိုင်းဝန်းကူညီ စဉ်းစားပေးကြ၏။ `အတိတ်ဘဝက ချစ်ရသူ´၊ `အိပ်မက်ဖူးစာ´၊ `အိပ်မက်ထဲက ကိုကိုသရဲ´၊ `ပဟေဠိဆန်သော အချစ်´၊ `အိပ်မက်ထဲက သရဲ´၊ `အိပ်မက်ထဲက ဖူးစာရှင်´ စသည်ဖြင့် အကြံဉာဏ် ပေးကြသည်။ သို့သော် သရဲဟူသော ခေါင်းစဉ်ဖြင့် အမည်မတပ်စေချင်။ ကာယကံရှင် ထိုမိန်းကလေး စိတ်မကောင်း ဖြစ်သွားမည်လော စိုးရိမ်စိတ် ဝင်မိ၏။ ထို့ကြောင့် သရဲအိပ်မက်ကို ယခုကဲ့သို့ အမည်ပေးလိုက်တော့သည်။ လူ့ကမ္ဘာလောကကြီးထဲတွင် လူသားနှစ်ဦး တွေ့ဆုံချစ်ကြိုက်ပုံသည် မျိုးစုံကွဲလွဲကြကြောင်း စာဖတ်သူများ သိရှိကြပါသည်။ ဘဝခြားချစ်သူနှင့် တွေ့ဆုံခဲ့သော ဆန်းကြယ်သည့် ဖူးစာသည်လည်း အမှန်စင်စစ် ရှိပါလေရော့သလား။ ယုံကြည်ရန် ခက်ခဲလွန်းသော ဤဝတ္ထုသည် ဖြစ်ရပ်မှန်တစ်ဝက် စိတ်ကူးယဉ်တစ်ဝက်ဖြင့် ပုံဖော် ရေးသားထားပါသည်။ >>> ကျွန်မသည် ဝါရင့် စာရေးသူတစ်ဦး မဟုတ်သောကြောင့် အမှားများ ပါခဲ့သည်ရှိသော် ချစ်သောအမြင်ဖြင့် နားလည်ပေးကြပါရှင်။ ကျွန်မ၏စာများကို ဖတ်ရှုခြင်းဖြင့် စာဖတ်သူတို့၏ ရင်ထဲတွင် တစ်စုံတစ်ခုသော ရသတစ်မျိုးမျိုးကို ခံစားရရှိသွားမည် ဆိုလျှင် ကျွန်မ စာရေးရ ကျိုးနပ်ပြီဟု ဆိုချင်ပါသည်။ အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ် တစ်ဦးချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ပါသည်။