အရည်အချင်းဆီသို့

ချစ်နိုင် (စိတ်ပညာ)

800 Kyats ကျပ်
ကျွန်မတို့လူသားတိုင်း ဘဝမှာ အမြဲတမ်း ပန်းခင်းလမ်းလို အဆင်ပြေချောမွေ့ မနေနိုင်ပါဘူး။ ဒီရေလိုပဲ ကျွန်မတို့ဘဝတွေက အတက်အကျ များလွန်းပါတယ်။ တစ်ခါတရံ ကြိုးစားပေမဲ့လည်း ကံအားမလျော်တဲ့အခါမှာ ဘာလုပ်လုပ် ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာတွေလည်း ကြုံရတတ်ပါတယ်။ အဲ့ဒီလို မှောင်မိုက်တဲ့ နေ့ရက်တွေမှာ ကိုယ့်စိတ်ကို ကိုယ်တိုင် အဖော်ပြုအားပေးပြီး နေတတ်ပါမှ မျှော်လင့်ချက်အလင်းရောင် သမ်းလာတတ်တာမျိုးပါ။ တချို့လည်း ကိုယ့်စိတ်ကို ကိုယ်အရှုံးပေးလိုက်ပြီး ဖြစ်ချင်ရာဖြစ် ဘဝကို ရေစုံမျောလိုက်ကြတာတွေလည်း ကြားခဲ့ မြင်ခဲ့ရဖူးပါတယ်။ မတော်လို့ အဲ့ဒီလိုအခြေအနေနဲ့ တစ်စုံတစ်ယောက်ကများ ကြုံရနေသည်ရှိသော် ကျွန်မပြောချင်တာက လုံးဝစိတ်ဓါတ်မကျပါနဲ့။ ခေါင်းအေးအေးထားပြီး ဆရာကြီ ချစ်နိုင် ( စိတ်ပညာ ) ရဲ့ ‘အရည်အချင်းဆီသို့’ စာအုပ်ကိုသာ ဖတ်ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်လေးထဲမှာ လူမှန်ရင် ဖြစ်တတ်တဲ့ စိတ်ရဲ့သဘောတွေ အကုန်ပါပြီး ကိုယ့်ရဲ့စိတ်ကို ကိုယ့်လက်ထဲမှာပဲ ပိုင်ပိုင်နိုင်နိုင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လမ်းပြထားလို့ပါပဲ။ ဆရာကြီးချစ်နိုင် ( စိတ်ပညာ ) ကိုယ်တိုင်ကလည်း သူ့ရဲ့ ဘဝတစ်ကွေ့မှာ ဆုံးဖြတ်ချက် အမှားတွေ ချမိပြီး စီးပွားရေးတွေ ကျဆုံး၊ ကိုယ်ပိုင် မိသားစုဘဝလေးအတွက်လည်း မျှော်လင့်ချက်မဲ့နေတုန်း၊ ပြည့်သူ့စာကြည့်တိုက်မှ အချိန်ကြာကြာ စာဖတ်နေရင်းမှ ဒဗလျူကလီးမင့်စတုန်းနဲ့ နပိုလီယန်ဟီးလ်တို့ ပူးတွဲရေးထားတဲ့ ‘The Success Through A Positive Mental Attitude’ ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရာကနေ စာအုပ်ထဲက အကြံပေးချက်တွေအတိုင်း လိုက်နာကျင့်သုံးပြီး ရည်ရွယ်ချက် လမ်းကြောင်းအမှန်ပေါ် ပြန်လည်တည့်မတ်နိုင်ခဲ့တဲ့ ဆရာကြီးရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကိုပါ ထည့်ရေးထားလို့ အရမ်းကို တန်ဖိုးရှိပြီး တကယ်ကို စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ရယ်ပါလို့ အပြောတင်မဟုတ်ဘဲ လက်တွေ့ပါ ခံစားကြည့်ရအောင် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။