ဥပေက္ခာဒေ၀ီ

ခဈြဦးညို

800 Kyats ကျပ်
ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ - မိန်းမသားတွေအပေါ် ဖိုဝါဒီဆန်တဲ့ ယောက်ျားသားတွေက ‘ဘာသာရေး’ နဲ့ ‘ဓလေ့ထုံးတမ်း’ ‘အစဉ်အလာ’ ဆိုတာတွေကို ခေါင်းစဉ်တပ်ပြီး မိန်းမဆိုရင် - ဒီလိုနေရမယ် ဒီလို မနေရဘူး အိမ်ထောင်ကျတာနဲ့ လင်ယောက်ျားရဲ့ သြဇာကို နာခံပြီး မီးဖိုချောင်ဝင် အိမ်မရှင်မကောင်း တယောက် ဖြစ်အောင် ကြိုးစားရမယ် - စသဖြင့် မိန်းမဆိုတာကို ယောက်ျားထက် တဆင့်နိမ့်တဲ့ လူသတ္တဝါ အဖြစ် ဘောင်ထဲထည့်ပြီး အမြင်ကျဉ်းကျဉ်းနဲ့ သတ်မှတ် ရှုမြင်တဲ့ အလေ့အထက ရာစုနှစ်နဲ့ချီပြီး ကြာလာခဲ့ပြီ။ မိန်းမသားတွေ အနေနဲ့လည်း ယောက်ျားတွေထက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု အားနည်းချက် ရှိမှုအပေါ် အမှီပြုပြီး မိန်းမဖြစ်ခြင်းကပဲ ပြုပြင်လို့ မရတဲ့ ဝဋ်ကြွေးတခု ဖြစ်နေပုံမျိုးနဲ့ ခုပြောခဲ့တဲ့ ကွန်ဆာဗေးတစ် အမြင် ကြီးစိုးမှုတွေကို လက်ခံလာခဲ့ကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ စည်းအပြင်ကလူ ဒီလိုမျိုး ကျားမခွဲခြားတဲ့ အမြင်ကြီးစိုးမှုအတွင်းမှာ ရှင်သန်လှုပ်ရှားနေကြတဲ့ မိန်းမ တချို့တလေက ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး ဖောက်ထွက် ရပ်တည်လာတဲ့အခါမှာတော့ လူ့ အဖွဲ့အစည်းက လက်ညှိုးထိုးတာမျိုး ပြောဆိုတာမျိုးတွေ ဖြစ်လာပြီး အလိုလို စည်းအပြင်ကလူ ဖြစ်သွားတယ်။ ဒီ အခြေအနေတွေကို ကျော်လွှားနိုင် ကျောခိုင်းနိုင်တဲ့ မိန်းမတွေကျတော့ ထိတ်ထိတ်ကြဲ ထက်မြက် အောင်မြင်တဲ့ သူတွေ ဖြစ်လာကြတယ်။ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမဆို ဒီအတိုင်းပဲ။ ဒါဟာ ‘မိန်းမဖြစ်ခြင်း’ အပေါ် တရားသေဆန်တဲ့ အမြင်တွေကို ဖောက်ထွက် ရပ်တည်ပြခြင်းပဲ ဖြစ်ပါတယ်။ ကဉ္စနာ ဒီလိုမျိုး မိန်းမဖြစ်တည်ခြင်းအပေါ် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ တရားသေ အမြင်တွေကို ချိုးဖျက်ပြီး ကိုယ့်ရဲ့ ရပ်တည်မှုကို ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ရှင်သန်စေနိုင်သူ တယောက်အဖြစ် သမိုင်းနောက်ခံ ဝတ္ထုတွေထဲက ‘ကဉ္စနာ’ ကို လက်ညှိုးထိုးပြပါရစေ။ ‘ဝိဇယဇာတ်’ ကို ကျောရိုးပြုပြီး လက်ရာမြောက် ဝတ္ထုအဖြစ် မွေးဖွားလိုက်တဲ့ ‘ဥပေက္ခာဒေဝီ’ ထဲက ကဉ္စနာအကြောင်းကို စာသမားတွေ ဖတ်ဖူးကြမှာပါ။ ခုချိန်မှာ မေ့နေပြီဆိုရင်လည်း ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကဉ္စနာဟာ ဂုမ္ဘာန မျိုးနွယ်တစ်ယောက်။ သွေးဆူတယ်၊ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ အသက် သွေးစက်တွေ စတေးရတဲ့ ပြိုင်ပွဲမျိုးကို စိတ်ဝင်စားတယ်။ မိန်းမသား ဖြစ်ရခြင်းအတွက် အနေကျုံ့သလို ခံစားရပြီး ယောက်ျားသာ ဖြစ်လိုက်လျှင် ဆိုတဲ့ စိတ်မျိုး ရှိတဲ့ ကဉ္စနာဟာ ရာဇဝတ်သားတွေကို ထိန်းရသူ အကျဉ်းမှူးကြီး သာဟာသိကရဲ့ မွေးစားသမီး ဖြစ်နေလို့ ဒီလို ရဲရင့်တဲ့ စိတ်မျိုး ရှိတာပါလို့ အကြောင်းပြချက် ပေးလို့ရနိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းနောက်ခံဝတ္ထုလောကမှာ ထိပ်ဆုံးက နေရာယူထားတဲ့ ဆရာချစ်ဦးညိုရဲ့ အရေးအသားတွေ အောက်မှာ ကဉ္စနာရဲ့ ပုံရိပ်က ပိုပြီး ကြွလာတယ်။ အမျိုးသား စာရေးဆရာ ဖြစ်ပေမယ့် မိန်းမသားတယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို ဆွဲဆောင်မှုအရှိဆုံး ပုံဖော်ပြခဲ့တယ်။ ကဉ္စနာဟာ ရဲရင့်တဲ့ မျိုးနွယ်သွေးကြောင့်တင် မဟုတ်ဘဲ၊ သူ့ ကိုယ်ပိုင် ရပ်တည်ချက်မှာကိုက ပတ်ဝန်းကျင်ရဲ့ တရားသေ အမြင်တွေနဲ့ ပုံသွင်းမှုတွေကို against လုပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဘဝကို ရှင်သန်နိုင်သူ ဖြစ်လာတယ်။ ဥပေက္ခာဒေဝီဟာ အဓိက မျိုးနွယ်စုကြီး နှစ်ခုကြားက ကြီးမားတဲ့ တိုက်ပွဲအကြောင်းတင် မဟုတ်ပါဘူး။ လင်္ကာဒီပ ကျွန်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မျိုးနွယ်စုတွေရဲ့ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ စစ်သေနင်္ဂဗျူဟာတွေနဲ့ ဖတ်နေရင်း သွေးဆူလာတဲ့ တိုက်ပွဲတွေကို ဖော်ပြရုံ မဟုတ်ဘူး။ အထူးသဖြင့် ဥပေက္ခာဒေဝီဟာ ရေစက်ပါလို့ အကြောင်းဆုံကြတဲ့ ပြည်နှင်ခံ ဝိဇယကုမ္မာမင်းသားနဲ့ ကဉ္စနာတို့ကြားက အချစ်ပုံပြင်သတ်သတ် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ကဉ္စနာဟာ အချစ်နဲ့ ပတ်သက်လာရင် မိန်းမ ဖြစ်နေလို့ ဆိုပြီး အရာရာကို လက်ခံ ခေါင်းညိတ်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပျောက်ဆုံးစေလိုက်မယ့် မိန်းမမျိုး မဟုတ်ဘူး။ သာမန် မိန်းမသား တယောက်အတွက် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်သွားရလောက်အောင် ကြုံခဲ့ရတဲ့ ဘဝရဲ့ ကျာပွတ်အောက်မှာ ဒူးထောက် အညံ့ခံသွားမယ့် သူ လုံးဝ မဟုတ်ဘူး။ ကဉ္စနာရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ရဲ့ သမားရိုးကျ ဘောင်ထဲမှာ ရှိနေတဲ့ မိန်းမဖြစ်ခြင်းကို လက်မခံဘဲ ဆန့်ကျင် ရပ်တည်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဘဝကို ရှင်သန်ပြသွားပုံက ‘ဥပေက္ခာဒေဝီ’ ကို ဖတ်နေရင်း စာဖတ်သူကို ယခင်နဲ့ မတူတဲ့ အမြင်သစ် အတွေးသစ်တွေ ပေးနိုင်စွမ်း ရှိတယ်။ စိတ်အားတက်ကြွဖို့ကောင်းပြီး အံ့သြဖွယ် အတိပြီးတဲ့ ဆွေးမြေ့ဖွယ် သမိုင်းနောက်ခံဝတ္ထုတပုဒ် ဆိုတာထက်ပိုတဲ့ ဒီလို နာမည်ကြီး ဝတ္ထုတပုဒ်က စာဖတ်သူအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုတွေ ရှိမလဲ ဆိုတာကတော့ ဆရာချစ်ဦးညိုရဲ့ လက်ရာ ‘ဥပေက္ခာဒေဝီ’ ကို အခုပဲ ဖတ်ကြည့်ပါလို့ ပြန်လည် ညွှန်းဆိုချင်ပါတယ်။