ကြာဆစ်ကြိုး

ခင်ခင်ထူး

1000 Kyats ကျပ်
ဒီစာအုပ်ကို ‘ကြာဆစ်ကြိုး’ မဂ္ဂဇင်း ဝတ္ထုရှည်များဟု ကျွန်မ အမည်ပေးထားပါသည်။ ကျွန်မငယ်ငယ် အညာကျေးလက်မှာနေစဉ်က ကျွန်မတို့ရွာ၏ မြောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိသည့် ကြာပင်အင်းကြီးဆီကို ကျွန်မ မကြာခဏ ရောက်တတ်ပါသည်။ ရွာထဲမှာ ပြေးလွှား ဆော့ကစားရတာ အားမရနိုင်ဘဲ ကြာပင်အင်းကြီး ရှိရာသို့ သက်တူရွယ်တူ သူငယ်ချင်းများဖြင့် အုပ်လိုက်သင်းလိုက် သွား၍ ကြာပန်းချိုးကြရတာ အလွန် ပျော်စရာကောင်းသည်။ အင်းလုံးလျှံနေသော မိုးရေပြည့် ကြာပင်အင်းကြီးထဲတွင် ကြာဖြူ၊ ကြာပြာ၊ ကြာနီတွေက အင်းလုံးမောက်အောင် ပွင့်နေတတ်ကြကာ တစ်အင်းလုံး ကြာဖက်ခင်းထားသလို လှပနေတာကိုလည်း ကျွန်မ မှတ်မိနေပါသည်။ ကြာဖူးတွေ ကြာပန်းတွေကို အင်းရေထဲအထိ ဆင်းကာ လောဘတကြီး ချိုးယူကြရတာကိုလည်း ကျွန်မ မမေ့နိုင်ခဲ့။ ကြာဖက်ကြာရွက်၊ ရေညှိရေမှော်တွေကို ဖယ်ရှားပြီး ခူးခဲ့ရသော ကြာပွင့်တွေကို အဆစ်ကလေးတွေဖြစ်အောင် အရိုးတစ်တုံး၊ အမျှင်တစ်ကန့် ဆစ်ကြရင်း ကြာပုတီးကုံးလုပ်၍ လည်မှာ ဆွဲကြရတာကိုပဲ ဒေါင်းဘယက် ဆွဲရသလို ကြည်နူးကြရသည်။ ကြာဆစ် ကြိုးကုံးထိပ်မှာတော့ ကားကားစွင့်စွင့် လှပနေသော ကြာပွင့်ကလေးတစ်ပွင့် ရှိသည်။ ချိုးယူလာခဲ့သမျှ ကြာပန်းတွေကို နွယ်ပင်ကလေးများဖြင့် စည်းနှောင်ကာ ရွာကို သယ်ယူခဲ့ကြသည်။ ဘုန်းကြီးကျောင်းက ဘုရားပန်းအိုးတွေမှာ ဝေနေအောင် ကြာပန်းကပ်လှူကြ၊ ရွာမှာ ရှိသမျှ ဘုရားစေတီတွေမှာ ကြာပန်းတွေ ပူဇော်ကြ၊ ကျွန်မတို့ လည်တိုင်တွေမှာလည်း ကြာဆစ်ကြိုးကလေးတွေ ကိုယ်စီ။ ဒီကျေးလက်စရိုက် ခံစားမှုကလေးကို အခုအချိန်ထိ ကျွန်မ စွဲမက်နေဆဲပဲဖြစ်သည်။ ကြာရိုးတံကလေးကို တစ်ဆစ်စီချိုးပြီး ကြာဆစ်ကြိုးကုံးကလေးဖြစ်အောင် ပုံဖော်ယူရခြင်းသည် ချစ်စရာကောင်းလှသော အနုပညာ ဖန်တီးမှုဟု ကျွန်မထင်ပါသည်။ ကျွန်မ၏ မဂ္ဂဇင်းဝတ္ထုရှည်များသည်လည်း ကျွန်မနှင့် ကျွန်မပတ်ဝန်းကျင်မှာ ထိစပ်ရသမျှ ဘဝအထွေထွေကို ရိုးတံသဖွယ်ထား၍ ထိုဘဝများထဲမှာ အမှတ်ထင်ထင် ရှိရသော အဖြစ်အပျက်များကို ကြာဆစ်ကလေးတွေလို ချိုးရင်း ရေးဖြစ်ရသော ဝတ္ထုများဟု ဆိုချင်ပါသည်။ ဘဝ တစ်ဆစ် ကြာတစ်ဆစ်။