သျှောင်ပေစူး

ခင်ခင်ထူး

1000 Kyats ကျပ်
နိုင်ငံခြားမှပညာရှင်တစ်ဦးရေးသည့် ရှေးမြန်မာတို့၏ လူနေမှုဘဝ မှတ်တမ်းတင်ချက် စာအုပ်ထူကြီးကို ကျွန်မ ကြည့်ခွင့်ရခဲ့ပါသည်။ ရှေးဓာတ်ပုံပေါင်း များစွာဖြင့် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်၍ အလွန်ရှားပါးသလောက် တန်ဖိုးကြီးလှပါသည်။ ကျွန်မ ကြည့်ခွင့်ရခဲ့သော နိုင်ငံခြားပညာရှင်ကတော့ မြန်မာတို့၏ မှတ်တမ်းမှာ ဆင်ယင်ထုံးဖွဲ့မှုနှင့် ပတ်သက်၍ ကျွန်မတို့ ငယ်ငယ်က ယောက်ျားလေး၊ မိန်းကလေး တူညီစွာ ထုံးဖွဲ့ကြသော ဆံပင်ပုံစံအမျိုးမျိုးကို ဖော်ပြထားတာ တွေ့ရပါသည်။ အထူးသဖြင့် ဦးစွန်းဖုတ်၊ သျှောင်ပေစူး၊ ချာရစ်လို ဆံပင်ပုံတွေပင် ပါသေးသည်။ ကျွန်မတို့ငယ်စဉ်က အညာကျေးရွာတွေမှာ ဆံပင်ညှပ်ဆရာရယ်လို့ သီးခြားရှိခဲ့ပါသည်။ မြို့တွေမှာသာ ဆံပင်ကိုက်ဆိုင်တွေ ရှိတတ်သည်ဖြစ်၍ ကျေးလက်မှာတော့ ဆံပင်ရိတ်သင်တတ်သော မိကြီးဖကြီးများကပဲ ရွာသူရွာသားတို့၏ ဆံပင်ကိစ္စ ပြီးစီးစေရပါသည်။ သားသမီးကို ဆံပင်ရှည်ပြီဆိုလျှင် "ဆံပင်က ရှည်လွယ်လိုက်တာအေ ... ညှင်းဆိုးဆိုးနဲ့ ... ဆံပင်ကိုက်ချေရအောင်" လို့ ပြောတတ်ကြသည်။ ကျွန်မတို့ ရွာမှာ ယောက်ျားလေး မိန်းကလေး ဆံပင်ညှပ်ပေးသူဆိုလို့ ကျွန်မတို့ အရီးလေးတော်သူ အရီးဂျုံမ တစ်ယောက်သာ ရှိသည်။ "ဂျုံမရေ ... ညည်းတူမ ဆံပင်ကိုက်ပေးလိုက်ပါဦး ... ဂုတ်သားကလေး ရှင်းပစီ ... မျက်နှာကလေး ပွင့်သွားအောင် ညှပ်ပေးလိုက်စမ်းပါအေ" ... အမေတို့က အရီးလေးဂျုံမကို အလုပ်အပ်ခြင်းနှင့်အတူ လုပ်ခအဖြစ် ပဲနို့ဆီဘူး နှစ်ဘူးပေးလိုက်ရုံ။ အရီးလေးဂျုံမကလည်း ကလေးခေါင်းကို တစ်ချက်ကြည့်လိုက်ပြီး ကတ်ကြေးနှင့် သင်တုန်းဓားကိုသုံး၍ ကျင်လည်စွာ လက်စွမ်းပြလေ၏။ ခေါင်းတုံး တုံးတော့လည်း အရီးလေးဂျုံမ တုံးမှ ပြောင်စင်သည်။ သျှောင်ပေစူး ဆိုတော့လည်း လက်ရာမြောက်သည်။ လက်လွန်သွားလို့ ရှေ့နဖူးမှ တိတိရိရိ ညီညီညာညာရှိရမည့် ဆံပင်တွေ အထက်ရောက်ပြီး တိုနံ့နံ့ ဖြစ်သွားတာမျိုးလည်း ရှိ၏။ အရီးလေးဂျုံမမှာ အဖြေရှိသည်။ "နဖူးကလေး ရှင်းသွားအောင် တိုပစ်လိုက်သာ အစ်မရဲ့ ... တစ်ပတ်ရှိ အနေတော်ကျသွားလိမ့်မယ် ... ကလေးက မျက်နှာလှပြီးသားဟာကို" ... မျက်နှာလှပြီးသား ဆိုမှတော့ မိဘများကလည်း အတွန့်မတက်ကြတော့။ "အေးပါအေ ... လှပါ့" ဆိုတာနှင့် ပြီးရသည်ချည်းပင်။ ရွာထုံးဖွဲ့မှုထဲမှာ ကလေးတကာနှင့်အတူ ကျွန်မတို့လည်း မလွတ်ခဲ့ပါ။ ချာရစ်ချိန် ဂျာရစ်၊ သျှောင်ပေစူးချိန် သျှောင်ပေစူး။ လူက အရွယ်ကလေးရလာတော့ ဆံပင်သန်ပြီ။ ကုပ်က ဆံပင်အုပ်ဖားကြီးနှင့် ဖြစ်လာတော့ ဆံပင်တစ်အုပ်လုံးကို သိမ်းရတော့မည်။ သည်တော့လည်း 'အုပ်လုံးသိမ်း' ခေါ်ကြပြန်သည်။ အရီးလေးဂျုံမက လက်လွှတ်တော့ အမေကြီးက ခေါင်းလျှောစေသည်။ စံကားစိမ်းပွင့်ခြောက်၊ ခရေပွင့်ခြောက်၊ ဒေါနပွင့်ခြောက် တစ်မျိုးမျိုးဖြင့် စိမ်ထားသော အုန်းဆီမွှေးမွှေးကို လက်ဖဝါးထဲ ထည့်လူးပေးသည်။ ဦးရေကို ဆီရောက်အောင် လိမ်းခြင်းဖြစ်၏။ "တနင်္ဂနွေနေ့ ဆီလိမ်းတော့ အဆင်းဆုတ်သယ် ... တနင်္လာနေ့လိမ်းတော့ လူ နှစ်လိုသယ် ... ဗုဒ္ဓဟူးနေ့လိမ်းတော့ ကျက်သရေတိုးသယ် ... သောကြာနေ့လိမ်းတော့ အနာရောဂါကင်းသယ် ... စနေနေ့လိမ်းတော့ အမှုခပ်သိမ်း ငြိမ်းပြန်သတဲ့ ... ကနေ့ ဗုဒ္ဓဟူး ကျက်သရေတိုးစေတော်" ....... ကဲ၊ ကျနော်တို့ရဲ့ ကျေးလက်အဖွဲ့အနွဲ့သန်တဲ့ ဆရာမကြီးခင်ခင်ထူးက ဒီစာအုပ်ထဲမှာရော မြန်မာရနံ့တွေ ထုံနေအောင် ဘယ်လိုများ ဆက်လက် ရေးပြထားဦးမလဲ ? သျှောင်ပေစူးအကြောင်း ဗဟုသုတရော ရသရော ဘာတွေရဦးမလဲ ? အောက်ပါလင့်ခ်ကိုနှိပ်ပြီး စာအုပ်အမြည်း ဖတ်နိုင်သလို၊ အမြည်းဖတ်ရင်း ကြိုက်သွားရင် စာအုပ် တစ်အုပ်လုံးကိုလည်း ဝယ်ဖတ်လို့ ရပါပြီနော် !