ရှေးရှေးကမန္တလေး

ကိုပေါက် (မန္တလေး)

1000 Kyats ကျပ်
တစ်ရက် လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ ဘီးကျဲကြီးတွေ ထွေရာလေးပါး စကားဖောင်ဖွဲ့ကြရင်း ကျွန်တော်တို့ငယ်ငယ်က သွားကြလာကြ စားကြသောက်ကြတာ တွေကို စားမြုံ့ပြန်ဖြစ် ကြပါတယ်။ ဒါနဲ့ပဲ ‘မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေးအကြောင်း’ ကို ရေးဖို့ စိတ်ကူးပေါ်သွားပါတယ်။ ကျွန်တော့် အားနည်းချက်က ခုနှစ်သက္ကရာဇ်တွေ ဘာတွေညာတွေကို သိပ်မှတ်မှတ်သားသား မရှိပါဘူး။ စာတစ်ပုဒ်ကို ရေးတဲ့အခါမှာ မှတ်တမ်းမှတ်ရာ သက္ကရာဇ်တွေ အချက်အလက်တွေကို အားပြုပြီး ရေးတာထက် ကျွန်တော် သိထားမြင်ထား ကြားထားခဲ့ဖူးတဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အပေါ်မှာ ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး ရေးတာကို ပိုမိုနှစ်သက်ပါတယ်။ ဒါကြောင့်လဲ ‘နားစည်ကိုထွင်း’ ကို ရေးခဲ့စဉ်က ဘာစာအုပ်စာတမ်းမှ ပြန်မလှန် မကိုးကားဘဲ ကျွန်တော့်ဦးနှောက်ထဲမှာ ရပ်တန့်နေသလောက်ကိုသာ အမှီပြုပြီး ရေးဖွဲ့ခဲ့ပါတယ်။ ဒီ ‘မလွမ်းစကောင်း’ကို ရေးဖြစ်တော့လဲ ရင်ထဲ နှလုံးသားထဲမှာ ဦးနှောက်ထဲမှာ တင်ကျန်နေ သလောက်ကို အခြေခံပြီး ရေးဖွဲ့ခဲ့တဲ့အတွက် ခုနှစ်တွေ သက္ကရာဇ်တွေကိုတော့ တိတိကျကျ ထည့်မရေး နိုင်ခဲ့ပါဘူး။ ဒီဆောင်းပါး ရေးခဲ့စဉ်ကလည်း အင်တာနက်ဆိုင်မှာဘဲ တစ်ရက် တစ်ပုဒ်နှုန်းနဲ့ (၂၅)ပိုင်းတိတိ ရေးဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာလည်း ရှေးက ဖြစ်ခဲ့တာတွေထက် ကျွန်တော် နေထိုင်ခဲ့စဉ်မှာ ကြုံတွေ့ခဲ့ရ တာလေးတွေကို ကိုယ်တိုင်သတိရ အောက်မေ့စွာနဲ့ ပြန်လည် ရေးသားခဲ့တဲ့ အလွမ်းဖွဲ့ တစ်ပုဒ်ပါဘဲ။ ဒီ အလွမ်းဖွဲ့လေးကြောင့်ပဲ အဝေးရောက် မန္တလေးသား အတော်များများနဲ့ ကျွန်တော် အွန်လိုင်းမှတစ်ဆင့် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာ အချို့ဆိုရင် အခုအချိန်ထိ ခင်မင်စွာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာ ပါတဲ့အထဲက မန္တလေးမှာ ရှိခဲ့တဲ့ စားသောက်ဆိုင်တွေ အကြောင်းပဲ သီးသန့်ထုတ်ပြီး ‘တတမ်းတမ်း ... တတတ လွမ်းတသသ မန္တလေး’ ဆိုပြီး မန္တလေးဂေဇက် သတင်းစာမှာ ပုံနှိပ်ဖြစ်ခဲ့သလို အချို့သော အပိုင်းတွေကိုတော့ မန္တလေး အခြေစိုက် မန်းတောင်ရိပ်(ခ) Shade ဂျာနယ်မှာ ထပ်ပြီး ပုံနှိပ်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဒီဆောင်းပါးလေးရဲ့ ရာဇဝင်ပေါ့နော်။