၂၀၁၅ ခုနှစ် အာရှတွင်း အကောင်းဆုံး Mobile Application ဆုကို မြန်မာနိုင်ငံကိုယ်စားပြု ၀န်ဇင်း app ရရှိ
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် တယ်လီနောမှ ကြီးမှူးကျင်းပသည့် ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများအလိုက် Digital Winners ပြိုင်ပွဲတွင် အကောင်းဆုံး Application ဆုကို မြန်မာနိုင်ငံမှ ၀န်ဇင်း (Wun Zinn Mobile Application) က ရရှိခဲ့သည်ဟု တယ်လီနောဝက်ဆိုက်ဒ်တွင် ကြေညာခဲ့သည်။
"နှစ်စဉ်တိုင်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံအကျိုးပြု စွန့်ဦးတီထွင် လုပ်ငန်းရှင်များတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။ ဒီလို Digital Winner ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ အကောင်းဆုံးနဲ့ အလားအလာရှိဆုံး နိုင်ငံအကျိုးပြု Application များ ဖြစ်ပါတယ်။ ဒါကြောင့် ခုလိုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ မြန်မာနိုင်ငံက ၀န်ဇင်း (Wun Zinn Mobile Application) နဲ့ တီထွင်သူ အဖွဲ့သားများအားလုံးကို ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်" ဟု Telenor ၏ CEO ဖြစ်သူ ဆက်စ်ဗီဘရက်ပ်က ပြောကြားခဲ့သည်။
ဝန်ဇင်း Mobile Application သည် Mobile Application များ၊ Website များစွာကို ရေးဆွဲပေးနေသည့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Bagan Innovation Technology Co.,Ltd မှ ၂၀၁၄ ခုနှစ်က တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကာ လက်ရှိ မြန်မာနိုင်ငံ စာပေအသိုင်းအ၀န်းတွင် လူသိများသည့် Application တစ်ခုလည်း ဖြစ်သည်။
"လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြေခံလိုအပ်ချက်တွေ မပြည့်စုံတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကျေးလက်နေ ပြည်သူများ ပညာဗဟုသုတ ရှာမှီးရာမှာ အင်မတန် ခက်ခဲပါတယ်။ နောက် ပညာရေးဟာ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံ သော့ချက်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီလို သော့ချက်ကို လူတိုင်း ဖုန်းကိုင်လာနိုင်တဲ့ အခြေအနေတစ်ခုမှာ ဖုန်းနဲ့အတူ ပညာဗဟုသုတကို ရှာမှီးနိုင်ဖို့၊ သူတို့ အလိုရှိတဲ့ စာအုပ်စာပေတွေကို လျှင်မြန်စွာ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ ၀န်ဇင်းက တစ်ထောင့်တစ်နေရာကနေ ကြိုးပမ်းခြင်း ဖြစ်ပါတယ်" ဟု ၀န်ဇင်းမှ ကိုသက်လင်းဟန်က ဆုရရှိမှုအပေါ် ပြောကြားခဲ့သည်။
ဝန်ဇင်းကို ဖန်တီးရသည့် ရည်ရွယ်ချက်မှာ မြန်မာစာပေကို ကမ္ဘာသို့ ပျံ့နှံ့စေရန်၊ စာရေးဆရာများ၏ အကျိုးခံစားခွင့်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်၊ စာပေကို လေ့လာဖတ်ရှုလိုသူများအတွက် တိုးတက်လာသည့် နည်းပညာနှင့်အတူ အချိန်နေရာမရွေး ဗဟုသုတများကို လွယ်ကူ လျင်မြန်စွာ ရှာမှီးနိုင်ရန် ဖြစ်သည်ဟု ကိုသက်လင်းဟန်က ထပ်မံ ပြောကြားခဲ့သည်။
ထို Digital Winner ပြိုင်ပွဲကို အာဆီယံဒေသတွင်း တယ်လီနော ရုံးများရှိရာ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာတို့မှ အကောင်းဆုံး Application များကို တယ်လီနောမှ နိုင်ငံအလိုက် ရွေးချယ်၍ နော်ဝေနိုင်ငံတွင် ၀င်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်ရာ မြန်မာနိုင်ငံမှ ၀န်ဇင်း App ဖြင့် အာဆီယံ အကောင်းဆုံး Digital Winners ဆုကို ပထမဦးဆုံး ရရှိခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်မှ ပညာရေးသင်ယူမှုနှင့် ပတ်သက်သည့် Durbin App၊ အန္ဒိယမှ အင်ဂျင်နီယာနှင့် ပတ်သက်သည့် ဘာသာရပ်များကို ကျောင်းသားများ လွယ်ကူစွာ လေ့လာနိုင်သည့် mTutor App၊ မလေးရှားမှ Cytron နည်းပညာများကို စိတ်ဝင်စားသည့် လူငယ်များ အတွက် စက်ရုပ်ပရိုဂရမ်ရေးဆွဲနည်းများကို လေ့လာမျှဝေနိုင်မည့် Cytron App၊ ပါကစ္စတန်မှ မိဘများ၊ ကျောင်းသားများနှင့် တက္ကသိုလ်များ၏ အခြေအနေများကို အပြန်အလှန် ဆက်သွယ်ပေးသည့် My Smaced App၊ ထိုင်းမှ ငါးနှင့် ပုဇွန်လုပ်ငန်းရှင်များအတွက် လုပ်ငန်းများတွင် ထည့်သွင်းရမည့် ရေပမာဏကို ၂၄ နာရီလုံး ကြည့်ရှုပြီး မှန်ကန်သည့် ဒေတာအချက်အလက်များကို ထုတ်ပေးနိုင်သည့် Len-Nam App နှင့် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုများကို ပြုလုပ်နိုင်သည့် GIZTIX App စသည်အဖွဲ့တို့ကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံမှ ၀န်ဇင်းက ဆုရရှိခဲ့ခြင်း ဖြစ်သည်။
Bagan Innovation Technology အနေဖြင့် ၂၀၁၄ ခုနှစ်က Digital Winners ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုကာ Bagan Keyboard app ဖြင့်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။
လက်ရှိတွင် ၀န်ဇင်းတွင် စာရေးဆရာပေါင်း ၃၀၀ ကျော်နှင့် စာအုပ်ပေါင်း ၂၀၀၀ ကျော်၊ Audio Books များ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များကို အနည်းဆုံး ၈၀ ကျပ်မှ ၀ယ်ယူဖတ်ရှုနိုင်မည် ဖြစ်သလို၊ အခမဲ့ကဏ္ဍများ၊ အခြား ဗဟုသုတရစရာ အကြောင်းအရာများကို ၀န်ဇင်းတွင် ထည့်သွင်းထားသည်ဟု ကိုသက်လင်းဟန် ထပ်မံပြောကြားခဲ့သည်။
App Download
စာရေးဆရာများ ...