အမှတ်တရ ရက်စွဲဟောင်းလေးများ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
... ကျွန်မတို့ ရွာမှာ (ဟိုတုန်းက) ငှားဖတ်ရတဲ့ စာအုပ်ဆိုင်တွေ မရှိခဲ့ပါဘူး။ စာအုပ်ဖတ်ချင်ရင် ရွာနဲ့ အနီးဆုံးက ရွှေညောင်မြို့မှာ သွားပြီး ငှားရပါတယ်။ ကျွန်မ ငါးတန်း၊ ခြောက်တန်းနှစ်မှာ အတန်းထဲက သူငယ်ချင်းတွေ ဝတ္ထုစဖတ်နေခဲ့ပါပြီ။ ကျွန်မအတွက်တော့ ဝတ္ထုစာအုပ်ဆိုတာ အရုပ်မပါတဲ့ စာရှည်ရှည်ကြီးတွေပါလား ဆိုတာလောက်နဲ့ပဲ ပြီးသွားခဲ့ပါတယ်။ ကျွန်မ ခြောက်တန်းအောင်၊ ခုနစ်တန်းနှစ်မှာတော့ အိမ်တစ်အိမ်ကျော်က ရှေ့နေအိမ်မှာ နှစ်ကျ ကာတွန်းစာအုပ်တွေ၊ ဝတ္ထုတွေ ငှားဖတ်နိုင်ပါပြီ။ ဒါပေမဲ့ ကျောင်းစာကလွဲရင် တခြားစာအုပ်တွေ ဖတ်တာ မကြိုက်တဲ့ အမေကြောင့် ကာတွန်းစာအုပ်တွေကို ကျွန်မ ခိုးဖတ်ခဲ့ရပါတယ်။ မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်ရင်း ခိုးဖတ်ခဲ့တယ်။ ခြံထဲသွားရင်း အမေမလာခင် ခိုးဖတ်တယ် အဝတ်သွားလျှော်ရင်း ခိုးဖတ်တယ်။ အိမ်သာတက်ရင်း ခိုးဖတ်တယ်။ တစ်ခါက ကျောင်းဆင်းလို့ အိမ်တန်းမပြန်ဘဲ ရှေ့နေအိမ်က လှေကားထစ်မှာ စာအုပ်ထိုင်ခိုးဖတ်နေတဲ့ ကျွန်မကို အမေ နားရွက်ဆွဲပြီး ပြန်ခေါ်သွားခဲ့ဖူးပါတယ်။