မောင်၊ ကိုကိုနှင့် မြနန္ဒာ

ကြည်အေး

1000 Kyats ကျပ်
“မစဉ်းစားကြည့်ချင်ပါဘူး၊ နန္ဒလူဖြစ်လာတာ ရှင်းလင်းဖို့ မဟုတ်ဘူး။ သူတကာ ကျေနပ်စေဖို့ မဟုတ်ဘူး။ ဒီအရွယ်ရောက်လာတော့မှ နန္ဒာလည်း နားလည်လာပါပြီ။ နန္ဒာ့အတွက်လည်း နန္ဒာ အသက်ရှင်နေဦးမယ်။ ကိုကိုပြောသလိုပဲ နန္ဒာက တော်တော်ခေါင်းမာတာ။ ခဏခဏ သေပါရက်ဖြင့် အသက်ကိုးခါ ပြန်ရှင်တတ်တယ်ဆိုတဲ့ ကြောင်သတ္တဝါထက် ဆိုးသေးတယ်” (မြနန္ဒာ) ကျနော်တို့ ဝန်ဇင်းကနေ ဆရာမကြည်အေးရဲ့ စာအုပ်တွေကို စာဖတ်သူတိုင်း ဖတ်လို့ရအောင် တင်ဆက်နိုင်ပြီဖြစ်လို့ ဂုဏ်ယူမိကြောင်း ပြောပြချင်ပါတယ်။ ဆရာမရဲ့ စာအုပ်တွေအနက် အခု မိတ်ဆက်လိုက်တဲ့ စာအုပ်ကတော့ ဝန်ဇင်းစာဖတ်ပရိသတ် (ဒါမှမဟုတ်) ဆရာမကြည်အေးရဲ့ စာဖတ်ပရိသတ်တွေ လက်မလွှတ်သင့်ပါဘူး။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ‘မီ’ နဲ့ ဆင်တယ်လို့ ခံစားမိလိမ့်မယ်၊ ဒါပေမဲ့ ကွဲပါတယ် … ဘယ်လိုပဲဆိုဆို ‘မြနန္ဒာ’ ဆိုတဲ့ မိန်းကလေးဟာ စာဖတ်သူရဲ့ သိစိတ်နဲ့ မသိစိတ်ကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ ဇာတ်ကောင်တစ်ဦး ဆိုတာကိုတော့ လုံးဝ ငြင်းလို့မရနိုင်ပါဘူး။ ဘဝရဲ့ ပြီးပြည့်စုံမှု … ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ‘ချစ်ခြင်းမေတ္တာ’ မပါဝင်ဘူးဆိုရင် အဓိပ္ပါယ်ကင်းမဲ့နေတဲ့ အရာဝတ္ထု တစ်ခုသာ ဖြစ်တယ်ဆိုတာကို မြနန္ဒာဝတ္ထု ဖတ်ပြီးပြီးချင်း ခံစားမိမှာပါ။ ဒါပေမဲ့ ဒါဟာ ကျနော့်အနေနဲ့ ပုဂ္ဂလအမြင်ပဲ ဖြစ်ပြီး စာဖတ်သူတိုင်းကတော့ ကိုယ့် အမြင်ရှုထောင့်အတိုင်း မတူညီတဲ့ အတွေးနဲ့အတူ တစ်ဖက်မှာ တည်ငြိမ်ပြီး ကျန်တစ်ဖက်မှာ လှုပ်ရှားနေတဲ့ ရသခံစားမှုမျိုးကို ထိပ်တိုက် ရင်ဆိုင်ရပါလိမ့်မယ်။ ဆရာမကြည်အေးက ဒီဝတ္ထုထဲမှာ မြနန္ဒာအကြောင်းကို သူမ နေထိုင် ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်က မိသားစု၊ သူမ ချစ်တဲ့သူ၊ သူမရဲ့ အိမ်ထောင်ရေးကတစ်ဆင့် လူတွေရဲ့ *အတ္တ* အသီးသီးကို အလှပဆုံး ပုံဖော်ထားတယ်။ စာဖတ်သူရင်ထဲမှာ ကျိတ်မနိုင်ခဲမရ အားမလိုအားမရ ဖြစ်စေသလို မြနန္ဒာရဲ့ ဘဝအမြင်၊ အိမ်ထောင်ရေးအပေါ်ထားတဲ့ သဘောထားတွေကလည်း စာဖတ်သူရဲ့ ဦးနှောက်နဲ့ နှလုံးသားကို မနားတမ်း အလုပ်ပေးပါလိမ့်မယ်။