အခြေခံရုပ်ရှင်ပညာ ဘာသာရပ်

ကြည်စိုးထွန်း

600 Kyats ကျပ်
ရုပ်ရှင်ပညာဟာ အနုပညာနဲ့ အတတ်ပညာ ပေါင်းစပ်ဖန်တီးရတဲ့ ပညာရပ်တစ်မျိုးပါ။ ရုပ်ရှင်ဟာ ဖျော်ဖြေရေးအဆင့်အပြင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ လူမှုနယ်ပယ်ရဲ့ ကောင်းခြင်း ဆိုးခြင်း အပြောင်းအလဲတွေကိုလည်း ဖော်ထုတ်တင်ပြနိုင်စွမ်း ရှိပါတယ်။ ရုပ်ရှင်နယ်ပယ်မှာ ကဏ္ဍများစွာ ရှိတဲ့အတွက် ရုပ်ရှင်ပညာရပ်ဟာလည်း ကဏ္ဍများစွာ ရှိနေပြန်ပါတယ်။ ဒီစာအုပ်ကတော့ ဆရာကြည်စိုးထွန်းဟာ ရုပ်ရှင်သင်တန်းသားတွေအတွက် ရည်ရွယ်ပြီး ရေးသားပြုစုထားတဲ့ စာအုပ်ပါ။ ရုပ်ရှင်ပညာ ဘာသာရပ်ကို လေ့လာဆည်းပူးလိုသူတိုင်း၊ ရုပ်ရှင်ရဲ့ အခြေခံ သဘောတရားတွေကို အစီအစဉ်တကျ၊ တစ်စုတစ်စည်းတည်း လေ့လာဆည်းပူးနိုင်ဖို့ အားထုတ်ရေးသားထားပါတယ်။ ရုပ်ရှင်ပညာကို တတ်ကျွမ်းပြီးသူတွေ အနေနဲ့တော့ ဒီစာအုပ်ထဲက တင်ပြချက်တွေဟာ ရုပ်ရှင်မူလတန်းအဆင့်လောက်ပဲ ဖြစ်နိုင်မယ်ဆိုပေမဲ့ ရုပ်ရှင်ပညာရပ်၊ ဘာသာရပ်ကို စတင်ဆည်းပူးလိုသူတွေအတွက်တော့ ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်တစား ဖတ်ကြရမှာပါ။ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်မြောက်အောင် ပါဝင်ကြိုးပမ်းကြသူတွေအကြောင်းကိုရော၊ ရုပ်ရှင်ရဲ့ သမိုင်းအစကိုရော၊ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ ပြင်ဆင်ကြပုံတွေကိုရော၊ ရုပ်ရှင်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆက်တင်အခမ်းအနား အပြင်အဆင်၊ ဝတ်စုံ၊ မိတ်ကပ်ပြင်ဆင်မှု စတဲ့အပိုင်းတွေအပြင် ရုပ်ရှင်ရိုက်ကူးရေးရဲ့ အခြေခံ ပညာပိုင်းတွေကိုလည်း အစုံအလင် ဖတ်ကြရမှာပါ။