ဦးနေ၀င်း၏ သေရွာပြန်မြေးများ

မြတ်ခိုင်

800 Kyats ကျပ်
အာဏာရှင်ကြီးဦးနေဝင်းနဲ့ ပတ်သက်ရင်တော့ သူ့ခေတ်သူ့အခါမှာ သူပြုစုတည်းဖြတ် ထုတ်ဝေစေခဲ့တဲ့ နိုင်ငံရေး၊ လူ ပုဂ္ဂိုလ်ရေးဆိုင်ရာ စာအုပ်စာပေတွေ၊ တစ်ဦးချင်းဆိုင်ရာ သီးသန့်ရှုမြင် ချက်တွေ အသီးသီးနဲ့ ရေးသားတဲ့ စာအုပ်တွေကနေလည်း သိကြရပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ ဝိဝါဒကွဲပြားမှုတွေ ကြားမှာ ဦးနေဝင်းရဲ့ ဇာတ်ကြောင်း၊ သူ့မိသားစု သမိုင်းကြောင်းနဲ့ သူရဲ့ မျိုးဆက်တွေအကြောင်းဟာ အဖုံဖုံရှိနေပါတယ်။ ဒီအကြောင်းအရာတွေထဲမှာမှ ဦးနေဝင်းကိုယ်တိုင် တစ်ချိန်က အာဏာရှင်ကြီးအဖြစ် ကျင်လည်ခဲ့ရာ အာဏာအသိုင်းအဝိုင်းနဲ့ သူ့မျိုးဆက် မြေးများကြား ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ်။ ဒီအကြောင်းအရာကတော့ တစ်ချိန်က အားလုံးစိတ်ဝင်စားခဲ့ကြ၊ နိုင်ငံပိုင်သတင်းစာကြီးတွေမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခဲ့ကြတဲ့ ဦးနေဝင်းရဲ့ မြေးဖြစ်သူတွေ စစ်အစိုးရထံက အာဏာကို သိမ်းယူဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ အကြောင်းပါ။ ဒီဖြစ်ရပ်ကြောင့် ဦးနေဝင်းရဲ့ မြေးတွေဟာ သေဒဏ်ထိုက်တဲ့ ပုဒ်မတွေနဲ့ တရားစွဲ စီရင်ချက် ချခံခဲ့ရပြီး နှစ်ရှည်ထောင်တွင်း နေထိုင်ခဲ့ရပါတယ်။ ခေတ်ကာလအကူးအပြောင်းမှာတော့ သူတို့ ပြန်လွှတ်မြောက်လာခဲ့ပြီး ပြည်တွင်းဂျာနယ်တစ်စောင်မှာ သူတို့ကိုယ်တိုင် ထိုအာဏာသိမ်းအကြောင်းအရာတွေကို တွေ့ဆုံမေးမြန်းခွင့်ပြု ဖွင့်ချပြောကြားခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ပြောတဲ့ သူတို့အကြောင်းမို့ တစ်မူတော့ ထူးခြားနေမှာ သေချာပါတယ်။