ကျန်ရစ် … မြစ်

သော်တာအေးလဲ့

700 Kyats ကျပ်
“မြစ် ဆိုတာဟာ အချိန်ကာလကိုလည်း ကိုယ်စားပြုနိုင်သလို မေတ္တာတရားကိုလည်း ကိုယ်စားပြုနိုင်ပါတယ်” တဲ့။ ဆရာမသော်တာအေးလဲ့ရဲ့ တတိယမြောက် စာအုပ်ဖြစ်တဲ့ “ကျန်ရစ်… မြစ်” ဟာ (၁၉၈၀-၁၉၉၀) ခုနှစ် ကာလတွေမှာ ရှင်သန်ကြီးပြင်းရတဲ့ ကလေးတစ်ယောက်အကြောင်းပါ။ လောကဓံအနိမ့်အမြင့်၊ အတက်အကျတွေကြားက မိသားစုတစ်ခုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဲဒီကာလတလျှောက်က ခေတ်ပုံရိပ်တွေကို ရောယှက် ရေးဖွဲ့ထားပါတယ်။ “ကျန်ရစ်… မြစ်” ဟာ စာဖတ်သူကို ရယ်ပြုံးစေတယ်။ လှိုက်မောစေတယ်။ ကြည်နူးစေတယ်။ တပြိုင်နက်တည်းမှာပဲ နာကျင်စေပါတယ်။ ဖတ်လို့ပြီးသွားတဲ့အခါ စာဖတ်သူတွေကို သူတို့ငယ်ဘဝ၊ သူတို့ မိသားစုဘဝနဲ့ သူတို့ ရှင်သန်ရတဲ့ အတိတ်နေ့ရက်တွေကို ပြန်ပြောင်းအောက်မေ့စေတယ်။ ဆရာမသော်တာအေးလဲ့ကတော့ “ကျန်ရစ်… မြစ်” ကို ဒီလို မှတ်တမ်းတင်ထားပါတယ်။ “စောင်းငဲ့ကြည့်မိသော လွန်ခဲ့သော ဆယ်စုနှစ်ကာလတစ်ခုကို လွမ်းပါသည်။ သီချင်းတွေကို လွမ်းပါသည်။ အတူတကွ နှလုံးသွေးချင်း နီးစပ်ဖူးသူများကို လွမ်းပါသည်။ ဆိုင်းသံဗုံသံတို့ကို လွမ်းပါသည်။ ကျေးလက်ဆန်သော ရပ်ကွက်လေးကို လွမ်းပါသည်။ မွန်းကြပ်သောကာလတွင် သည်အလွမ်းသည် ပိုပြီးအရောင်ထင်းပါသည်။ ထို့ကြောင့် ကျွန်မ တမ်းတဖြစ်သည်။ ထို့ကြောင့် “ကျန်ရစ် … မြစ်” ဖြစ်လာရသည်။ “ကျန်ရစ် … မြစ်” တွင် မည်သူ ကျန်ရစ်သနည်း၊ မည်သည့်အရာတို့ ကျန်ရစ်သနည်းဟု မေးလာလျှင် ကျွန်မ မဖြေတတ်ပါ။ သည်စာကို မှတ်တမ်းတင်သူက ကျန်ရစ်ခဲ့တာလား၊ သို့တည်းမဟုတ် ဆက်ယှက်ခဲ့သော ကြိုးနွယ်များက ကျန်ရစ်တာလား ...” တဲ့။ ဒီစာအုပ်က ဆရာမသော်တာအေးလဲ့ရဲ့ လက်ရာမွန်ဝတ္ထုရှည်တစ်ပုဒ်ဆိုတော့စာချစ်သူပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် စာအုပ်ဖြစ်မှာပါ။ ဖတ်ကြည့်ပါ … ခံစားကြည့်ပါ ခင်ဗျ။