ဤလောကမြေမဟီဝယ်

သော်တာဆွေ

600 Kyats ကျပ်
(၁၉၇၀) ခုနှစ်က အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာသော်တာဆွေရဲ့ ဂန္ထဝင်လက်ရာ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကောင်းတစ်အုပ်ပါ။ ‘ဤလောကမြေမဟီဝယ်’ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဟာ ဆရာသော်တာဆွေရဲ့ ဘဝရုပ်ပုံလွှာတွေလို့ ဆိုနိုင်တာကြောင့် အနုအရင့်၊ အနီးအဝေး၊ အရောင်စုံ လှပတဲ့ ပန်းချီကားချပ်တွေလို့တောင် တင်စားနိုင်ပါတယ်။ ‘ဤစာအုပ်တွင် ပါဝင်သော ဝတ္ထုများမှာ စိတ်ကူးယဉ်သက်သက် မဟုတ်။ ကျွန်တော်၏ ဘဝနှင့် ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရသော တောနှင့်မြို့၊ ဆင်းရဲချမ်းသာ လူ့အလွှာအသီးသီးမှ ဖြစ်ရပ်များကို ထင်ဟပ်ရေးသားထားခြင်း ဖြစ်ပေရာ …’ လို့ ဆရာသော်တာဆွေက ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမှာစာမှာ ဝန်ခံထားပါတယ်။ ဒါ့အပြင် … အမျိုးသား စာပေဆု ရွေးချယ်ရေးကော်မတီကလည်း ဒီလို မှတ်ချက်ပြုထားပါတယ်။ ‘ဤစာအုပ်၌ ပါဝင်သော ဝတ္ထုများသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ကြီးပြီးစ (ကက်စဘီခေတ်)၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ် နိုင်ငံရေး အကွဲအပြဲခေတ်၊ ခေတ်ပြောင်းတော်လှန်ရေးခေတ်တို့တွင် နီးနီးကပ်ကပ် မြင်သိထိတွေ့ခဲ့ရသော တောနှင့်မြို့မှ ဆင်းရဲချမ်းသာ လူ့အလွှာအသီးသီးတို့၏ ဖြစ်ရပ်များ၊ ဓလေ့စရိုက်၊ အတွေးအခေါ်၊ အမူအကျင့်များကို မီးမောင်းထိုး၍ ရုပ်လုံးဖော်ပြထားပါသည်’ ဒီစာအုပ်မှာ စာချစ်သူတို့ ဖတ်ကြရမှာက ဆရာသော်တာဆွေရဲ့လက်ရာ၊ ဘဝသရုပ်ဖော် အတည်အခန့်တွေအပြင် ‘အရိယာနှင့် အရက်’ လို စာပြောင်ဟာသဝတ္ထုစစ်စစ်တချို့လည်း ပါဝင်ပါတယ်။ အရိယာနှင့် အရက်၊ အလှဘယ်မှာနည်း၊ အလွန်အလုပ်များသူ၊ ထန်းသမားထေကြီး၊ သူ့ခေတ်နှင့်သူ၊ ဤခြံမြေ၊ အရင်းရှင်စနစ်နှင့် ဗျူရိုကရေစီခေတ် အပါအဝင် အခြား ဝတ္ထုတိုကောင်း များစွာကို ဒီစာအုပ်မှာ ရသအဖုံဖုံ ခံစားဖတ်ရှုကြရမှာပါ။